စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က ယခုတပတ်မှ စတင်ကာ ကျင်းပတော့မယ့် ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် ရည်မှန်းထားပြီး အကယ်၍သာ ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲမှာ ဗိုလ်မစွဲခဲ့ရင် နည်းပြဖြစ်သူ အန်ဆလော့တီကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားထားကြောင်း စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Relevo သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အီတလီလူမျိုး ဝါရင့်နည်းပြကြီး အန်ဆလော့တီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ရှိရင်းစွဲ ကစားသမား အင်အားနဲ့ပဲ လာလီဂါနဲ့ ချန်ပီယံလိဂ် နှစ်ခုစလုံးမှာ ဗိုလ်စွဲနိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

Photo Credit: Marca

ဒါပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ အန်ဆလော့တီ ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပြီး လာလီဂါပြိုင်ပွဲမှာ အဆင့်(၁)နေရာက ဘာစီလိုနာနဲ့ ရမှတ် ၈မှတ် အထိ ကွာဟနေသလို စပိန်စူပါဖလား ဗိုလ်လုပွဲမှာလည်း ဘာစီလိုနာကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ စပိန်စူပါဖလားကို လက်လွှတ်ထားရပါတယ်။

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူ တချို့က အန်ဆလော့တီရဲ့ အနာဂတ် အတွက် စတင် တွေးတောနေကြပြီး နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ Relevoရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေက အန်ဆလော့တီရဲ့ အနာဂတ်ကို ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲနဲ့ ဆုံးဖြတ်ဖို့ စဉ်းစားထားကာ ကမ္ဘာ့ကလပ်ဖလားကို အရယူနိုင်ခဲ့ရင် အန်ဆလော့တီဟာ ရာသီကုန် အထိ ရီးရဲလ်မက်ဒရစ်နည်းပြ အဖြစ် ဆက်လက် တာဝန်ယူရမှာ ဖြစ်ပြီး အကယ်၍ ကမ္ဘာ့ကလပ်ဖလားကို မယူနိုင်ခဲ့ရင်တော့ နည်းပြရာထူးကနေ ထွက်ခွာရမယ်လို့ သိရပါတယ်။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ်က အန်ဆလော့တီရဲ့ နေရာကို ချယ်လ်ဆီးနည်းပြဟောင်း တူဟယ်လ် ၊ စပါးနဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း ပိုချက်တီနိုနဲ့ ရီးရဲလ်မက်ဒရစ် လူငယ်အသင်းနည်းပြ ရာအူးလ်တို့ သုံးဦးထဲက တဦးနဲ့ အစားထိုးဖွယ် ရှိနေပြီး ရာအူးလ်ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

ဖီဖာရဲ့ ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲကို အသင်း ၇သင်းနဲ့ ကျင်းပနေတာ ဖြစ်ပြီး လက်ရှိမှာ ဖလာမင်ဂို ၊ အယ် ဟီလယ် ၊ အယ် အာလီနဲ့ ရီးရဲလ်မက်ဒရစ်တို့ ၄သင်းထဲသာ ကျန်ရှိတော့ကာ ရီးရဲလ်မက်ဒရစ် အတွက် အကြီးမားဆုံးပြိုင်ဘက် ဘရာဇီးလ်ကလပ် ဖလာမင်ဂိုပါ။