ကမ္ဘာကျော် ဘောလုံးနည်းပြတစ်ဦးဖြစ်ပြီး ဥရောပထိပ်သီး ကလပ်အသင်းတွေမှာ နည်းပြအဖြစ် တာဝန်ယူဆောင်ရွှက်ခဲ့သလို ဥရောပချန်ပီယံလိဂ်လို ဆုဖလားတွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပြီး လက်ရှိမှာ အဲဗာတန်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွှက်လို့နေတဲ့ ဝါရင့်စူပါနည်းပြကြီး ကားလို့စ်အန်စလော့တီက သူကိုင်တွယ်နေတဲ့ ဘောလုံးအသင်းမှာ ခရစ္စတီယာနိုရော်နယ်ဒိုလို ကစားသမားတစ်ယောက်လောက် ပါဝင်နေမယ်ဆိုရင် သူ့အတွက် အစစအရာရာ အဆင်ပြေနိုင်ပြီး ဒီလိုကစားသမားမျိုးကို နည်းပြရတာကလည်း လွယ်ကူလွန်းတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

အန်စလော့တီဟာ သူရဲ့ နည်းပြဘဝအတွင်း အေစီမီလန် ဂျုဗင်တပ်စ် ရီးရဲလ်မက်ဒရစ် ပီအက်စ်ဂျီ ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးပြီး ဒီအသင်းတွေနဲ့အတူ အဓိကဆုဖလား(၁၀)လုံးလောက်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။ အန်စလော့တီက ရီးရဲလ်အသင်းကို ကိုင်တွယ်ခဲဲ့စဉ်မှာ ရော်နယ်ဒိုလို ထိပ်တန်းကစားသမားတစ်ယောက်နဲ့ လက်တွဲခဲ့ရပေမယ့်လည်း တခြားနည်းပြတွေထက် ရော်နယ်ဒိုနဲ့ကြားမှာ ဆက်ဆံရေးပိုကောင်းခဲ့ပြီး ရော်နယ်ဒိုကိုယ်တိုင်ကလည်း အန်စလော့တီနဲ့ လက်တွဲခဲ့ရတဲ့ အချိန်တွေက ပျော်ရွှင်စရာကောင်းတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

ရော်နယ်ဒိုလို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ယောက်ကို ကိုင်တွယ်ရတာက ထင်သလောက် ဖိအားမများပဲ ပိုလို့တောင် လွယ်ကူနေသေးတယ်ဆိုတဲ့အကြောင်းကို အန်စလော့တီက “ရော်နယ်ဒိုလို ကစားသမားတစ်ယောက် ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းကို သင်အနေနဲ့ ဘာမှပြန်လည်တည်ဆောက်နေစရာ မလိုပါဘူး။ သူ့ကိုပဲ ကွင်းအတွင်း သက်တောင့်သက်သာ ကစားနိုင်ပဲ သင်က စီစဉ်ပေးရမှာ။ ပြီးတော့ ဒီလို ကစားသမားမျိုးကိုလည်း ခံစစ်တာဝန်တွေကိုပါ ပူးတွဲတာဝန်ပေးတာတွေကို မလုပ်ဆောင်သင့်ဘူး။ ဘာကြောင့်လဲဆိုတော့ အသင်းရဲ့ တိုက်စစ် ခံစစ်ပိုင်းတွေအတွက် တာဝန်ခွဲပေးတဲ့အခါ သူတို့တာဝန်ယူနိုင်တာတွေကိုပဲ သင့်ဘက်ကနေ စဉ်းစားသင့်တာ။ အသင်းတစ်သင်းက ကစားသမားအစုံအလင် ပေါင်းကစားရတာဆိုပေမယ့် ရော်နယ်ဒိုလို ပွဲတိုင်းဂိုးသွင်းတတ်တဲ့ တိုက်စစ်ကစားသမားဆီကိုတော့ ခံစစ်တာဝန် နည်းနည်းလေးတောင် မထည့်ပေးသင့်ဘူး။ ဒီလိုကစားသမားတွေက ပရော်ဖက်ရှင်နယ်ဆန်တယ် အပြင်းအထန်ကြိုးစားတယ် စိတ်ဓါတ်လည်းမြင့်မားတယ်။ ဒါကြောင့် သူ့လို ကစားသမားမျိုးကို နည်းပြရတာက အရမ်းလွယ်ကူပါတယ်” ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။