MySport Myanmar

မန်စီးတီးရဲ့ ချေပဂိုးက မပေးသင့်တဲ့ဂိုး ဖြစ်ကြောင်း ဝေဖန်လိုက်တဲ့ အန်ဆလော့တီ

စပိန်လာလီဂါရဲ့ ထိပ်သီးအသင်း တသင်း ဖြစ်သလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံလည်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြချုပ် ဖြစ်သူ အန်ဆလော့တီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ၁-၁ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ သူတို့အသင်းဟာ မမျှတတဲ့ ပေးဂိုး တဂိုး ခွင့်ပြုပေးခဲ့ရကြောင်း ပွဲပြီးဆုံးချိန်မှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးတို့က ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် ရေပန်းအစားဆုံး ဖြစ်နေကြတဲ့ အသင်းတွေ ဖြစ်သလို နှစ်သင်းစလုံးက လက်ရှိ ဥရောပရဲ့ အကောင်းဆုံး ၅သင်း စာရင်းဝင် အသင်းတွေ ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်ဟာ အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပါတယ်။

Photo Credit: Sports Brief

ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပြီး အိမ်ရှင် ရီးရဲလ်မက်ဒရစ်က ပရိသတ်အားကြောင့် မန်ချက်စတာ စီးတီးဘက်ကို ပိုမို ဖိအားပေး ကစားနိုင်ခဲ့သလို ပွဲချိန် ၃၆မိနစ်မှာပဲ ဗင်နီးစီးယပ်စ်ရဲ့ သွင်းဂိုးနဲ့အတူ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဦးဆောင်ဂိုး ရရှိပြီးနောက် ရီးရဲလ်မက်ဒရစ်က နောက်ထပ် ဦးဆောင်ဂိုးတွေ ထပ်မံ သွင်းယူနိုင်ဖို့ ကြိုးစားခဲ့သလို မန်ချက်စတာ စီးတီးကလည်း ချေပဂိုး သွင်းယူနိုင်အောင် ကစားအား မြှင့်ခဲ့တာကြောင့် ပွဲက ပိုမို အကြိတ်အနယ် ရှိလာခဲ့ပြီး ပွဲချိန် ၆၇မိနစ်မှာတော့ စီးတီး ကွင်းလယ်ဗိုလ်ချုပ် ဒီဘရိုင်းက ပြင်းထန် အားပါတဲ့ အဝေးကန်ချက်နဲ့အတူ စီးတီး အတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Talksports

ရီးရဲလ်မက်ဒရစ် ၁-၁ မန်ချက်စတာ စီးတီး ပွဲအပြီးမှာတော့ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေက ဒီဘရိုင်းရဲ့ သွင်းဂိုးမှာ ဘာနာဒို ဆေးလ်ဗား တယောက် ဘောလုံးကို ဆယ်ယူချိန်မှာ ဘောလုံးဟာ ဘေးစည်းကို ကျော်လွန်သွားခဲ့တာကြောင့် ဒီဘရိုင်းရဲ့ သွင်းဂိုးကို ပယ်ဖျက်သင့်ကြောင်း ထောက်ပြ ဝေဖန်နေကြပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီကလည်း မန်ချက်စတာ စီးတီးရဲ့ သွင်းဂိုးကို ပယ်ဖျက်သင့်ကြောင်း ယုံကြည်နေပြီး ဒိုင်အဖွဲ့က ဘာကြောင့် ဒီဘရိုင်းရဲ့ သွင်းဂိုးကို ခွင့်ပြုလိုက်သလဲ ဆိုတာကို မစဉ်းစားတတ်တော့ကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ အန်ဆလော့တီက – “ဆေးလ်ဗား တယောက် ဘောလုံးကို လိုက်ဆယ်နေချိန်မှာပဲ ဘောလုံးဟာ ဘေးစည်းကို ကျော်သွားခဲ့ပါတယ်။ ကျွန်တော်က အဲ့ဒါကို သေချာ မြင်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်က ဘာကြောင့် ကွင်းလယ်ဒိုင်ဟာ VARကို ပြန်မကြည့်ဖို့ ဆုံးဖြတ်ခဲ့တာလဲ ဆိုတာကို နားမလည်ပါဘူး” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version