နည်းပြလစ်လပ်လို့နေတဲ့ အသင်းဟောင်း ရီးယဲလ်မက်ဒရစ်အသင်းဆီကို ဒုတိယအကြိမ် ပြန်လည်နည်းပြဖြစ်ခဲ့တဲ့ ဝါရင့်နည်းပြကြီး ကားလို့အန်စလော့တီက အသင်းရဲ့တိုက်စစ်ပိုင်းကို ပြန်လည်မြင့်တင်သွားဖို့အတွက် သူကိုင်တွယ်ခဲ့ဖူးတဲ့ အဲဗာတန်အသင်းရဲ့ တိုက်စစ်ကစားသမား ကယ်လ်ဗတ်လူဝင်ကို အရခေါ်ယူသွားဖွယ် ရှိနေတယ်လို့ ဗြိတိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အီတလီလူမျိုး ဝါရင့်နည်းပြကြီး အန်စလော့တီဟာ နည်းပြဘဝမှာ အောင်မြင်မှုတွေများစွာကို ရယူထားနိုင်ခဲ့တဲ့ ထိပ်တန်းနည်းပြတစ်ဦးဖြစ်ပြီး အေစီမီလန် ဂျုဗင်တပ်စ် ပီအက်စ်ဂျီ ချယ်လ်ဆီး ရီးယဲလ်မက်ဒရစါ ဘိုင်ယန်မြူးနစ် နာပိုလီတို့လို ထိပ်တန်းကလပ်အသင်းတွေကို နည်းပြခဲ့ဖူးပြီး ၂၀၁၉ခုနှစ်မှာတော့ အဲဗာတန်အသင်းကို ပြောင်းလဲကိုင်တွယ်ဖြစ်ခဲ့ကာ (၂)နှစ်အကြာမှာပဲ အသင်းဟောင်း ရီးယဲလ်မက်ဒရစ်အသင်းဆီကို တကျော့ပြန် ရောက်ရှိသွားခဲ့ပါတယ်။ အခုလို ရီးယဲလ်အသင်းရဲ့ နည်းပြအဖြစ် ပြန်လည်လက်ခံလိုက်ချိန်မှာ အန်စလော့တီက သူရဲ့တပည့်ဟောင်းဖြစ်တဲ့ တိုက်စစ်မှူးလူဝင်ကို အသင်းဆီ ခေါ်ဆောင်ချင်နေတာဖြစ်ပါတယ်။

Photo Credit : Goal

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ကယ်လ်ဗတ်လူဝင်ဟာ ၂၀၁၆ခုနှစ်ကမှ ရှက်ဖီးယူနိုက်တက်ကနေ အဲဗာတန်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ အဲဗာတန်ရဲ့အဓိက ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေတာဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုးပေါင်း (၂၁)ဂိုးအထိကို သွင်းယူလို့ထားပါတယ်။ တိုက်စစ်မှူးလူဝင်ဟာ အဲဗာတန်ကို အန်စလော့တီ ကိုင်တွယ်ခဲ့စဉ်အတွင်းမှာလည်း အတော်လေးကို ခြေစွမ်းပြနိုင်ခဲ့ပြီး (၂)ရာသီအတွင်းမှာ စုစုပေါင်းသွင်းဂိုး (၃၆)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူအားထားရတဲ့ ကစားသမား ကယ်လ်ဗတ်လူဝင်ကို ရီးယဲလ်အသင်းဆီ ခေါ်ဆောင်သွားဖို့ အန်စလော့တီဘက်က စတင်ကြိုးပမ်းလာခဲ့တာဖြစ်ပြီး ပေါင်သန်း(၅၀)ခန့်နဲ့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ ဒါ့အပြင် အသင်းနဲ့ (၁၆)နှစ်တာ လက်တွဲခဲ့ပြီးမှ လက်တွဲဖြုတ်ဖြစ်ခဲ့တဲ့ ဝါရင့်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ရဲ့နေရာမှာ ခံစစ်မှူးတစ်ယောက် ပြန်လည်အစားထိုးဖို့အတွက် ဆီဗီလာအသင်းရဲ့ ပြင်သစ်နောက်ခံကစားသမား ခွန်ဒယ်ကိုလည်း ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို စပါးအသင်းမှာ အငှားချထားတဲ့ ဂါရတ်ဘေးလ်ကိုတော့ အသင်းမှာသာ ပြန်လည်ခေါ်ဆောင်ဖွယ် ရှိနေပါတယ်။