MySport Myanmar

ကတ်စ်မဲရိုးက မန်ယူဆီ ပြောင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း အတည်ပြုလိုက်တဲ့ အန်ဆလော့တီ

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီက သူတို့အသင်းရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက အသင်းကနေ ထွက်ခွာကာ သူ့ရဲ့ အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ ဗာရန်းနဲ့ ရိုနယ်ဒိုတို့ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့တော့မယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက မိုဒရစ် ၊ တိုနီကရူးစ်တို့နဲ့ တွဲဖက်ကာ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား တဦး အဖြစ် ဆယ်စုနှစ် တစုနီးပါး ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ၃နှစ် အထိ ကျန်နေပါသေးတယ်။

Photo Credit: Mirror

ဒါပေမယ့် ကတ်စ်မဲရိုးက သူ့ရဲ့ အိမ်မက် တခု ဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားချင်တဲ့ အရာကို ဖြည့်ဆည်းချင်နေသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို မြင့်မားတဲ့ လုပ်ခလစာ + ကာလရှည် စာချုပ်တရပ်နဲ့ ကမ်းလှမ်းလာချိန်မှာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာကာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ ကတ်စ်မဲရိုးနဲ့ အရင်းနှီးဆုံး ပုဂ္ဂိုလ်တွေထဲက တဦးလည်းဖြစ် ၊ အသင်းရဲ့ နည်းပြလည်း ဖြစ်တဲ့ အန်ဆလော့တီကလည်း ကတ်စ်မဲရိုးဟာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အတွက် အသင်းကနေ ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror

အန်ဆလော့တီက – “ကျွန်တော်က ကတ်စ်မဲရိုးနဲ့ စကားပြောပြီးသွားပါပြီ။ သူက စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်နေပါတယ်။ ကျွန်တော်တို့က သူ့ရဲ့ ဆုံးဖြတ်ချက် အပေါ် နားလည်ပါတယ်။ ကျွန်တော်တို့အခု သူ့ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး သူကတော့ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

Exit mobile version