စပိန်လာလီဂါရဲ့ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြချုပ် ဖြစ်သူ အန်ဆလော့တီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အယ်ကလပ်စီကို ဒါဘီပွဲမှာ ခါးသီးပြိုင်ဘက် ဘာစီလိုနာကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာဟာ မေးခွန်းထုတ်စရာကောင်းတဲ့ VARရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိ ချန်ပီယံလိဂ်နဲ့ လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် အထိ တက်ရောက်ထားနိုင်တာကြောင့် သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အလားအလာ ကောင်းနေပေမယ့် လာလီဂါပြိုင်ပွဲမှာတော့ ခါးသီးပြိုင်ဘက် ဘာစီလိုနာထက် ရမှတ် ၁၂မှတ် အထိ လျော့နည်းနေခဲ့ပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ မဖြစ်နိုင်တော့သလောက် အခွင့်အရေး နည်းနေခဲ့ပါတယ်။

Photo Credit: Times of India

အန်ဆလော့တီရဲ့ ရီးရဲလ်မက်ဒရစ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အယ်ကလပ်စီကို ဒါဘီမှာသာ ဘာစီလိုနာကို အနိုင်ကစားနိုင်ခဲ့ရင် သူတို့နဲ့ ဘာစီလိုနာကြားက ရမှတ် ကွာဟချက်ကို လျှော့ချနိုင်မှာ ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို အဝေးကွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

ဘာစီလိုနာ ၂-၁ ရီးရဲလ်မက်ဒရစ် ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က အဖွင့်ဂိုးကို ပွဲချိန် ၉မိနစ်မှာတင် ဘာစီလိုနာ နောက်ခံလူ အာရူဟိုရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှု ကနေ ရခဲ့ပေမယ့် ပွဲချိန် ၄၅မိနစ်နဲ့ ၉၀+၂မိနစ်တွေမှာ ရော်ဘတ်တိုနဲ့ ကတ်ဆီးတို့ရဲ့ သွင်းဂိုးတွေကို ပြန်လည် ခွင့်ပြုပေးခဲ့ရတာကြောင့် ရှုံးပွဲနဲ့ တွေ့ကြုံခဲ့ရတာပါ။

Photo Credit: Times of India

အဆိုပါပွဲမှာ အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တခုက ပွဲချိန် ၈၁မိနစ်မှာ VARက ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား အဆန်စီယိုရဲ့ သွင်းဂိုးကို လူကျွံဘောလို့ သတ်မှတ်ကာ ပယ်ဖျက်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပြီး အဆိုပါဂိုးမှာ အဆန်စီယိုနဲ့ ဘာစီလိုနာ နောက်ခံလူ ခွန်ဒေတို့က တတန်းထဲ အနေအထားမျိုးမှာ ရှိနေကာ ခွန်ဒေရဲ့ လက်နဲ့သာ လူကျွံစည်းမျဉ်းကို ဆွဲမယ် ဆိုရင် အဆန်စီယို တယောက် လူမကျွံပေမယ့် VARက ခွန်ဒေရဲ့ ပခုံးနဲ့ အဆန်စီယိုရဲ့ ပခုံးတို့ကို မျဉ်းဆွဲပြီး အဆန်စီယိုရဲ့ သွင်းဂိုးကို လူကျွံဘော အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြချုပ် ဖြစ်သူ အန်ဆလော့တီက VARဒိုင်ရဲ့ အဆိုပါ ဆုံးဖြတ်ချက်ကို သဘောမတူပဲ အဆန်စီယိုရဲ့ သွင်းဂိုးကို ခွင့်ပြုပေးသင့်တယ်လို့ ထင်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ဆိုလာပါတယ်။ အန်ဆလော့တီက – “ကျွန်တော်တို့က ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမယ့် ဝတ္တရား ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ရဲ့လားလို့ သံသယ ဝင်မိပါတယ်။ အဲ့ဒီလို သံသယဝင်လို့ ကျွန်တော်တို့ကို အပြစ်ပေးလို့ မရပါဘူး။ ကျွန်တော်တို့မှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကို ဝေဖန် သုံးသပ်ခွင့် ရှိပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ရဲ့ ကစားပုံက ကောင်းခဲ့သလို ကျွန်တော်တို့အသင်းက နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။ တကယ်လည်း နိုင်မယ့် အခြေအနေမျိုး အထိ ရောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ VAR ဝင်လာပြီး သွင်းဂိုးကို ပယ်ဖျက်သွားခဲ့ပါတယ်။ ကျွန်တော်တို့က အဆုံးအထိ အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်တို့က ကစားပုံ အနည်းငယ် ပျက်သွားတဲ့ အချိန်မှာ သူတို့က အနိုင်ဂိုးကို သွင်းသွားခဲ့တာပါ။ ဒီပွဲက ပွဲကောင်း တပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က ရှုံးခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိပါသေးတယ်။ ကျွန်တော်တို့က ဒီရာသီကို အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်မှာပါ” လို့ ပြောကြားသွားခဲ့တာပါ။