စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒစ်ရဲ့ နည်းပြချုပ် ဖြစ်သူ အန်ဆလော့တီက ယခုနှစ် ဘောလုံးရာသီ အစမှာ ဒေါ့မွန်ကနေ သူတို့အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းပြနေတဲ့ ကွင်းလယ်ကြယ်ပွင့် ဘယ်လင်ဟမ်ဟာ သူ့ရဲ့ တပည့်ဟောင်းလည်းဖြစ် ၊ ကမ္ဘာ့အကောင်းဆုံး ကစားသမားဟောင်းလည်း ဖြစ်တဲ့ ကာကာနဲ့ တူညီတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၀အရွယ် အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကြယ်ပွင့် ဘယ်လင်ဟမ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ဒေါ့မွန်ကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က သူ့အတွက် ဒေါ့မွန်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၃သန်း ပေးချေခဲ့သလို သူ့ကိုလည်း ၂၀၂၉ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Goal

ဘယ်လင်ဟမ်က ရီးရဲလ်မက်ဒရစ်ဆီ မရောက်ခင်မှာ လူငယ်ကြယ်ပွင့် တဦး အဖြစ်သာ လူသိများခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ထံ ရောက်ရှိပြီးနောက် သူဟာ ကမ္ဘာ့အဆင့် ကွင်းလယ်လူ ဖြစ်ကြောင်းကို သက်သေပြနိုင်ခဲ့ပြီး ဘယ်လင်ဟမ်က ရီးရဲလ်မက်ဒရစ် အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၃၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၀ကြိမ် ရရှိထားပါတယ်။

ကွင်းလယ်လူ တဦးက သွင်းဂိုး ၂၀ကျော် သွင်းယူနိုင်ခဲ့တာက ရှားရှားပါးပါး ဖြစ်ရပ် တခု ဖြစ်ပြီး ဘယ်လင်ဟမ်က သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကို ကောင်းကောင်း ထုတ်ပြနိုင်ခဲ့တာကြောင့် နောက်ပိုင်းပွဲတွေမှာ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီက ဘယ်လင်ဟမ်ကို နောက်ချန်တိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ် စတဲ့ ဂိုးသွင်းနိုင်တဲ့ နေရာတွေမှာ ထားကာ ကစားခဲ့ပါတယ်။

Photo Credit: Football Transfer

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ၃-၂ ဘာစီလိုနာ ပွဲစဉ်မှာလည်း ဘယ်လင်ဟမ်က ရိုဒရီဂိုနဲ့ ဗင်နီးရှပ်တို့ရဲ့ အနောက်မှာ နေရာယူကာ ကစားခဲ့သလို အသင်းအတွက် အဖိုးတန် နောက်ကျအနိုင်ဂိုးကိုပါ သွင်းပေးနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်မှာတော့ အန်ဆလော့တီက ဘယ်လင်ဟမ်ဟာ သူ့ရဲ့ တပည့်ဟောင်း ကာကာနဲ့ တူညီတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားကြောင်း ပြောလာခဲ့ပါတယ်။

အန်ဆလော့တီက – “ဒီနေ့ပွဲရဲ့ အကောင်းဆုံး အခိုက်အတန့်က နောက်ဆုံးမိနစ်တွေ ဖြစ်ပါလိမ့်မယ်။ (ရယ်လျက်) ဘယ်လင်ဟမ်ရဲ့ဂိုးက အကောင်းဆုံး အခိုက်အတန့်ပါပဲ။ ကျွန်တော့်ရဲ့ ကစားသမားတွေ အတွက် ဂုဏ်ယူမိပါတယ်။ ဒီတပတ်က ကျွန်တော်တို့ အတွက် မမေ့နိုင်စရာ ရက်သတ္တပတ် တခု ဖြစ်သွားပါပြီ။ ကျွန်တော်က ကာကာဆီမှာ မြင်တွေ့ခဲ့ရတဲ့ အရည်အချင်းတွေ အများကြီးကို ဘယ်လင်ဟမ်ဆီမှာလည်း မြင်နေရပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။