ပရီးမီးယားမှာ လူသိများတဲ့ အသင်းတသင်း ဖြစ်တဲ့ အဲဗာတန်အသင်းရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီကတော့ သူတို့အသင်း အနေနဲ့ ယခုနှစ် ဘောလုံးရာသီထက် လာမယ့်ရာသီမှာ ပိုမို တိုးတက်လာမှာ ဖြစ်ကာ အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အဆင့်အထိ ရောက်အောင် ကြိုးစားသွားမယ်လို့ ပွဲစဉ်၃၈မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ်။ အေစီမီလန် ၊ ချယ်လ်ဆီး ၊ ရီးရဲလ်မက်ဒရစ် စတဲ့ အသင်းတွေမှာ အောင်မြင်မှုပေါင်းများစွာ ရယူနိုင်ခဲ့တဲ့ အီတာလျံကြီး အန်ဆလော့တီဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းနည်းပြတွေထဲက တဦးဖြစ်ပြီး သူ့ရဲ့ အဲဗာတန်အသင်းဟာ ရာသီအစမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁နေရာကို သိမ်းပိုက်နိုင်ခဲ့တဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Mirror

ဒါပေမယ့် ရာသီဝက်ကာလကို ရောက်ရှိတဲ့ အချိန်မှာတော့ အန်ဆလော့တီရဲ့ အဲဗာတန်အသင်းဟာ အရန် ကစားသမား ရှားပါးမှု ၊ အဓိက ကစားသမားတွေ ပွဲပန်းမှုတို့ကြောင့် အဆင့် ၁နေရာက ဆင်းပေးခဲ့ရသလို အမှတ်ပေးဇယားရဲ့ အဆင့် ၈ အတွင်း ဝင်ရောက်ခွင့် ရဖို့တောင် ရုန်းကန်ခဲ့ရပါတယ်။ လက်ရှိမှာတော့ အဲဗာတန်အသင်းဟာ အဆင့် ၈နေရာမှာ ရှိနေကာ လာမယ့်ရာသီမှာ ယူရိုပါ ကွန်းဖရန့်ပြိုင်ပွဲကို ဝင်ရောက်နိုင်ဖို့ အဆင့် ၇နေရာကို ရရှိဖို့ လိုအပ်နေပါတယ်။ အဲဗာတန်အသင်းရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီကတော့ ယခုနှစ် ဘောလုံးရာသီမှာ သူ့အသင်းက ပြသခဲ့တဲ့ ခြေစွမ်းတွေကို သဘောကျကြောင်းနဲ့ လာမယ့်ရာသီမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အထိ ကြိုးးစားသွားမှာ ဖြစ်ကြောင်း ပြောကြား သွားပါတယ်။

Photo Credit: Mirror

လာမယ့်ရာသီ အတွက် မျှော်မှန်းချက်တွေနဲ့ ပတ်သတ်ပြီး အန်ဆလော့တီက – “ကျွန်တော်ကတော့ ဒီရာသီကို ကြည့်ပြီး ကျွန်တော်တို့ အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁နေရာကို ရယူဖို့ ယှဉ်ပြိုင်နိုင်တဲ့ အဆင့် ၊ ယှဉ်ပြိုင်နိုင်တဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့က ရာသီအစမှာ အသင်းကြီးတွေ အတွက် တကယ်ကို ပြိုင်ဘက်ကောင်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အသင်းကြီးတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူး ၊ ချယ်လ်ဆီးတို့ကို ကောင်းကောင်းကြီး ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အသင်းကြီးတွေနဲ့ တွေ့တဲ့ ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရခဲ့သလို အဲ့ဒါတွေက အသင်းနဲ့ ကျွန်တော့်ကို ယုံကြည်ချက်တွေ ပေးခဲ့ပါတယ်။ အသင်းကလည်း တိုးတက်လာပါပြီ။ သေချာတာက ကျွန်တော်တို့ အသင်းဟာ လာမယ့် ရာသီမှာ အသင်းကြီးတွေကို ပိုပြီး ယှဉ်ပြိုင်နိုင်တော့မှာပါ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။