စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီ ကတော့ ဗုဒ္ဓဟူးနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ရီးရဲလ် ဆိုစီဒက်ကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲကလိုမျိုး သူတို့အသင်းရဲ့ အကောင်းဆုံံး ခြေစွမ်းတွေကို မြင်တွေ့ရလိမ့်မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်ပွဲစဉ် ပထမအကျော့မှာ ပီအက်စ်ဂျီကို ပြင်သစ်မြေမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ထားတာကြောင့် နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ ဆိုရင် အိမ်ကွင်း ဘာနေဗျူးမှာ ကစားရမယ့် ပွဲစဉ်မှာ အနိမ့်ဆုံး ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူဖို့ လိုအပ်နေပါတယ်။

 

Photo Credit: Standard

တဖက်မှာ ပီအက်စ်ဂျီက နေမာ ၊ အမ်ဘာပေနဲ့ မက်ဆီတို့လို ကြယ်ပွင့် ကစားသမားတွေကို ပိုင်ဆိုင်ထားသလို ဘာနေဗျူးမှာ ကစားရမယ့် ပွဲမှာလည်း လူစုံတက်စုံ ပြန်လည် ပါဝင်လာဖို့ ရှိနေတာကြောင့် ရီးရဲလ်မက်ဒရစ် အတွက် ခက်ခဲ ကြမ်းတမ်းတဲ့ မိနစ် ၉၀ ပွဲတပွဲကို ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ် နည်းပြဖြစ်သူ အန်ဆလော့တီ ကတော့ အိမ်ကွင်း ဘာနေဗျူးမှာ ပီအက်စ်ဂျီကို အနိုင်ရကာ နောက်တဆင့်ဆီ တက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး သူတို့ဟာ ဆိုစီဒက်ကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ခြေစွမ်းပိုင်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ရင် အဆင်ပြေလိမ့်မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

အန်ဆလော့တီက – “ဆိုစီဒက်နဲ့ပွဲမှာ ကျွန်တော်တို့ရဲ့ ခြေစွမ်းက ပွဲစထဲကကို ကောင်းနေခဲ့တာပါ။ ကျွန်တော်တို့တွေ ဆိုစီဒက်ရဲ့ နောက်တန်းအထိ တက်ပြီး ဖိအားပေးကစားရင်း ဆိုစီဒက်ရဲ့ ကစားပုံကို ဖျက်ဆီးပစ်ဖို့ ကြိုးစားခဲ့တာကလည်း အောင်မြင်ခဲ့ပါတယ်။ ဒီပွဲမှာ ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းလည်း အတော်လေးကို ယှဉ်ပြိုင်ခဲ့ရပါတယ်။ တကယ်လို့ ကျွန်တော်တို့သာ ဒီခြေစွမ်းကို ဆက်ထိန်းနိုင်ရင် ဗုဒ္ဓဟူးနေ့မှာလည်း ပီအက်စ်ဂျီကို အနိုင်ယူပြီး နောက်တဆင့်ဆီ တက်လှမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။