စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီ ကတော့ သူတို့အသင်းရဲ့ အစဉ်အလာ ပြိုင်ဘက် ဘာစီလိုနာအသင်းဟာ ယခုအချိန်မှာ သူတို့ရဲ့ ပြိုင်ဘက်အသင်း မဟုတ်တော့ဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

စပိန်တော်ဝင် မိသားစုကို ကိုယ်စားပြုတဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စပိန်နိုင်ငံကနေ ခွဲထွက်ဖို့ အစဉ်အမြဲ ကြိုးပမ်းခဲ့တဲ့ ကတ်တလန်တာဒေသ ကိုယ်စားပြု ဘာစီလိုနာအသင်းဟာ နိုင်ငံရေးအရရော ၊ နောက်ခံသမိုင်း အကြောင်းအရာတွေကြောင့် မဟာပြိုင်ဘက်တွေ ဖြစ်ကြပြီး သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်တွေကိုလည်း အယ်ကလပ်စီကိုဒါဘီ လို့ တင်စားကြပါတယ်။

Photo Credit: Standard

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ စပိန်နိုင်ငံရဲ့ အကောင်းဆုံးအသင်း နှစ်သင်း ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်တိုင်းဟာ အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ သူတို့နှစ်သင်းရဲ့ ခြေစွမ်းပိုင်း ကွာဟမှုက အတော်လေး ကြီးမားနေပါတယ်။

အထူးသဖြင့် ရီးရဲလ်မက်ဒရစ်အသင်းက လာလီဂါချန်ပီယံဆုကို ရရှိဖို့ အတွက် လက်တကမ်း အလို အနေအထားကို ရောက်ရှိနေချိန်မှာ ဘာစီလိုနာအသင်းက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ အတွက် အစွမ်းကုန် ကြိုးစား ရုန်းကန်နေရတာက သူတို့နှစ်သင်းကြားမှာ ရှိတဲ့ ကွာဟချက်ကို လှစ်ဟပြနေတာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီ ကတော့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူးလို့ ဆိုလိုက်ပါတယ်။

Photo Credit: Standard

အန်ဆလော့တီက – “ဘာစီလိုနာအသင်းက ကျွန်တော်တို့ရဲ့ ပြိုင်ဘက် မဟုတ်တော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့အသင်းက အခုချိန်မှာ ဆီဗီးလား ၊ ဘက်တစ်တို့လို အသင်းမျိုးနဲ့ အလားသဏ္ဍာန် တူနေလို့ပါပဲ။ ဒါပေမယ့် ဘာစီလိုနာအသင်းဟာ အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းကို တက်လှမ်းနိုင်မယ့် အရည်အချင်းမျိုးကိုတော့ ပိုင်ဆိုင်ထားပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။