MySport Myanmar

ရိုဒရီဂို မကစားနိုင်တာ နေမကောင်းတာကြောင့်လို့ အန်ဆယ်လော့တီ ထပ်မံ အကြောင်းပြ

ရီးရဲလ် မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့် ရိုဒရီဂိုဟာ အင်္ဂါနေ့က လေ့ကျင့်ခန်း အစီအစဉ်ကနေ ခြေထောက်ဒဏ်ရာကြောင့် ထော့နဲ့ထော့နဲ့နဲ့ ထွက်ခွာသွားခဲ့တာကြောင့် ရီးယဲလ်အနေနဲ့ မာယော့ကာအသင်းနဲ့ ရင်ဆိုင်ရမယ့် လာလီဂါပွဲစဉ်မှာ (၉)ယောက်မြောက် ကစားသမားကို လက်လွှတ်ရဖို့ ရှိနေပါတယ်။

ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကိုပါဒယ်လ်ရေးဖလား ဗိုလ်လုပွဲမှာ ပွဲချိန်တစ်ဝက်မှာပဲ လူစားလဲခံခဲ့ရပြီးနောက် ရိုဒရီဂိုဟာ ဆယ်လ်တာဗီဂိုအသင်းနဲ့ ကစားခဲ့တဲ့ နောက်တစ်ပွဲကိုလည်း နေမကောင်းဖြစ်လို့ လွဲချော်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကတော့ ဒီကိစ္စကို သိပ်ပြီး အလေးအနက်ထား ပြောဆိုတာမျိုး မရှိခဲ့ပေမယ့် အယ်လ်ကလက်စီကိုပွဲ မတိုင်ခင် ၂၄ နာရီအလိုမှာတော့ နည်းပြ ကာလို အန်ဆယ်လော့တီ ကိုယ်တိုင်က ရိုဒရီဂိုဟာ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကြေညာခဲ့ရင်း ပွဲအတွင်းမှာ ဗင်နီစီယပ်စ် ဒဏ်ရာကြောင့် ထွက်သွားခဲ့ရချိန်မှာ အရန်လူစာရင်းထဲ ရှိနေတဲ့ ရိုဒရီဂိုဟာ သွေးပူလေ့ကျင့်ခန်းတောင် ပြုလုပ်ခဲ့ခြင်းမရှိဘဲ နည်းပြကြီးကတော့ သူ့ကို နေမကောင်းဘူးလို့ပဲ ထပ်မံ အကြောင်းပြခဲ့ပြန်ပါတယ်။

Photo Credit : CNN Portugal

ပြည်တွင်းသတင်းမီဒီယာတွေမှာတော့ ရိုဒရီဂိုက ဘာစီလိုနာအသင်းနဲ့ပွဲမှာ သူ့ကို ပွဲမထုတ်ဖို့ အန်ဆယ်လော့တီကို တောင်းဆိုခဲ့တယ်လို့ ဖော်ပြခဲ့ကြပေမယ့် အန်ဆယ်လော့တီက ဒီသတင်းတွေကို ငြင်းဆန် ပယ်ချမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။ အန်ဆယ်လော့တီက ရိုဒရီဂိုရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး “ရိုဒရီဂိုက သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို မပြသနိုင်လောက်အောင် အဖျားတက်ခဲ့ပါတယ်။”

“ဒီနေ့ လေ့ကျင့်ခန်းမှာလည်း သူ့ခြေထောက်တစ်ဖက်က နည်းနည်း ကိုက်ခဲနေတယ် (ဘယ်ဘက်ခြေထောက်လဲတော့ ကျွန်တော် မသိပါဘူး)။ သူက အရင်ကတည်းက နေသိပ်မကောင်းခဲ့တာပါ၊ အဖျားကနေလည်း ကောင်းကောင်း ပြန်သက်သာလာခြင်း မရှိသေးဘူး။ ဒီကိစ္စတွေဖြစ်ပြီးနောက်မှာ ထင်ကြေးအမျိုးမျိုး ထွက်ပေါ်လာခဲ့တယ်။ လူတိုင်းက ရိုဒရီဂိုကို အထူးချစ်ခင်ကြပါတယ်၊ အထူးသဖြင့် ကျွန်တော်က ပိုပြီးတော့တောင် ခင်ပါသေးတယ်။”

Photo Credit : Real Madrid Confidenal

ဘရာဇီးလ် တိုက်စစ်ကစားသမားရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ပတ်သက်ပြီးလည်း အန်ဆယ်လော့တီကို မေးမြန်းခဲ့ရာမှာ သူက “ကစားသမားတစ်ယောက် နေမကောင်းဖြစ်နေတဲ့အခါ စိတ်ပိုင်းဆိုင်ရာအရလည်း သူကောင်းမွန်နေမှာ မဟုတ်ပါဘူး။ သူက သူ့ရဲ့အရည်အသွေးကို ပြသချင်တယ်။ အသင်းကို ကူညီချင်တယ်။ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝပါပဲ။” လို့ ဖြေကြားခဲ့ပါတယ်။

စပိန်နိုင်ငံကနေ ထွက်ပေါ်နေတဲ့ သတင်းဖော်ပြချက်တွေအရ ရိုဒရီဂိုဟာ အနာဂတ်မှာ နည်းပြသစ် ဖြစ်လာနိုင်တဲ့ ဇာဘီ အလွန်ဆိုရဲ့ လက်အောက်မှာလည်း လာမယ့်ဘောလုံးရာသီမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မရှိဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် ကစားသမားကိုယ်တိုင်ရော ကလပ်အသင်းပါ ဒီနွေရာသီမှာ လက်တွဲဖြုတ်ဖို့ စဉ်းစားနေကြတယ်လို့ သိရပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ အပြီးသတ် ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာဖွယ်ရှိပြီး ရီးရဲလ်ဘက်ကလည်း ဒီကိစ္စကို တစ်နည်းနည်းနဲ့ အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေကြောင်း သတင်းတွေက ဆိုပါတယ်။

Exit mobile version