ရီးယဲလ် မက်ဒရစ်နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက လီဗာပူးလ်အသင်းကို ကိုင်တွယ်ဖို့နဲ့ လီဗာပူးလ် နည်းပြဖြစ်လာဖို့က သူ့ရဲ့ အိပ်မက် ဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး အီတလီ လက်ရွေးစင်အသင်းရဲ့ ကမ်းလှမ်းမှုကိုလည်း ငြင်းပယ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
၂၀၁၅ အောက်တိုဘာမှာ ဘရန်ဒန် ရော်ဂျာကို လီဗာပူးလ်က ထုတ်ပယ်ခဲ့ပြီးနောက် အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အသင်းက နောက်ဆုံးမှာ ဂျာဂန် ကလော့ပ်ကိုသာ ရွေးချယ်ခဲ့ပြီး ဒီဆုံးဖြတ်ချက်က လီဗာပူးလ်အတွက် အဓိက အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ အန်ဆယ်လော့တီက ဘိုင်ယန်မြူးနစ်မှာ ပက်ဂွါဒီယိုလာရဲ့ နေရာကို ဆက်ခံဖို့ သဘောတူခဲ့ပြီး ၂၀၁၅-၁၆ ရာသီအကုန်မှာပဲ ဘိုင်ယန်ကို တရားဝင် စတင် တာဝန်ယူခဲ့ပါတယ်။
Photo Credit : This is Anfield
အန်ဆယ်လော့တီက လီဗာပူးလ်ကို နည်းပြလုပ်ဖို့ အခွင့်အရေး မရခဲ့ပေမယ့် ၂၀၁၉ မှာ လီဗာပူးလ်ရဲ့ မြို့ခံကလပ် အဲဗာတန်ကိုတော့ ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။ အီတလီလူမျိုး နည်းပြကြီးဟာ အီတလီ သတင်းထောက် အာမန်ဒို ဆီရိုနီနဲ့ စကားပြောရင်း အဲဗာတန်ကို ချီးကျူးခဲ့သလို အသင်းနှစ်သင်းကြားက ပြိုင်ဆိုင်မှုကိုလည်း ပြန်လည်အမှတ်ရခဲ့ပါတယ်။
အန်ချလော့တီက “ကျွန်တော်ရဲ့ အိပ်မက်က လီဗာပူးလ်ကို နည်းပြလုပ်ဖို့ပါ။ ဒါပေမယ့် ကျွန်တော် အဲဗာတန်ဆီ ရောက်သွားခဲ့ပြီး သူတို့ရဲ့ ပြိုင်ဆိုင်မှုကို ကိုယ်တိုင် ခံစားခဲ့ရပါတယ်။ အခုတော့ ကျွန်တော် အဲဗာတန်ပရိသတ်တစ်ယောက် ဖြစ်နေပါပြီ။ အဲဒီပတ်ဝန်းကျင်ကို အရမ်းကြိုက်ခဲ့ပါတယ်။ ဘာလို့ဆို အသင်းအတွက် စိတ်အားထက်သန်မှုက အံ့မခန်းပါ။”
Photo Credit : Managing Madrid
“လီဗာပူးလ်ကို ပရိသတ်တွေ ဘယ်လောက်အထိ မလိုလားဘူး ဆိုတာကိုလည်း သတိပြုမိပါတယ်။ လီဗာပူးလ်က နှစ်ပေါင်းများစွာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဖြစ်ခဲ့ပြီး အခုထိလည်း ဆက်ဖြစ်နေတုန်းပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိ ရီးယဲလ်နည်းပြကြီးက ၂၀၁၈ မှာ အီတလီ အမျိုးသားအသင်းကို နည်းပြဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။
“ကျွန်တော် အီတလီ လက်ရွေးစင်အသင်းကို ငြင်းခဲ့ပါတယ်။ ကျွန်တော် စိတ်မပါခဲ့လို့ပါ။ ကျွန်တော်က ကွင်းထဲမှာ နေ့တိုင်း လေ့ကျင့်ရေးပြင်ဆင်ရတာကို အရမ်းကြိုက်ပါတယ်။ လက်ရွေးစင် အသင်းဆိုတာက အချိန်ပိုင်းအလုပ်လို ဖြစ်နေပြီးတော့ ကျွန်တော်ရဲ့ စိတ်အားထက်သန်မှုကို နည်းနည်းလျော့သွားစေမယ်လို့ ခံစားရလို့ပါ။ ဒီအကြောင်းကြောင့်ပဲ ငြင်းခဲ့တာပါ။” လို့ သူက ပြောပါတယ်။