စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြချုပ် ဖြစ်သူ အန်ဆလော့တီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ခါးသီးပြိုင်ဘက် ဘာစီလိုနာကို ၁-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ကာ စူပါဖလားကို လက်လွှတ်ရပြီးနောက် ဘာစီလိုနာဟာ သူတို့ထက် အများကြီး ပိုကောင်းခဲ့တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

ဆော်ဒီမြေမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပြီး ရီးရဲလ်မက်ဒရစ်က သူတို့ရဲ့ ထုံးစံအတိုင်း လျင်မြန်တဲ့ တိုက်စစ်ဆင်မှုတွေနဲ့ ဘာစီလိုနာကို ဒုက္ခပေးဖို့ ကြိုးစားခဲ့သလို ဘာစီလိုနာကလည်း အသင်းလိုက် ကစားအားနဲ့ ရီးရဲလ်မက်ဒရစ်ကို ထိန်းချုပ် ကစားနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

Photo Credit: Marca

အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမားတွေ ထည့်သွင်း အသုံးပြုခဲ့ကြပေမယ့် သက်ကြီး ကစားသမား များနေတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာကို ယှဉ်ကစားနိုင်ခဲ့ခြင်း မရှိခဲ့ပဲ ပထမပိုင်းမှာဆိုရင် ရီးရဲလ်မက်ဒရစ်က ဂိုးပေါက်တည့် ကန်ချက် တကြိမ်တောင် မရခဲ့ပဲ ဘာစီလိုနာ ပြုသမျှ နုကာ ခံခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ် ၁-၃ ဘာစီလိုနာ ပွဲစဉ်မှာ ဘာစီလိုနာ အတွက် သွင်းဂိုးတွေကို ပွဲချိန် ၃၃မိနစ်မှာ ဂါဗီ ၊ ပွဲချိန် ၄၅မိနစ်မှာ လီဝန်ဒေါစကီးနဲ့ ပွဲချိန် ၆၉မိနစ်မှာ ပီဒရီတို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အတွက် တလုံးထဲသော သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲချိန် ၉၀+၃မိနစ်မှာ အသင်းခေါင်းဆောင် ဘန်ဇီမာက သွင်းယူပေးခဲ့တာပါ။

Photo Credit: Marca

ဘာစီလိုနာကို ဂိုးပြတ် ၊ ခြေပြတ် ရှုံးနိမ့်ကာ စပိန်စူပါဖလားကို လက်လွှတ်ခဲ့ရပြီးနောက် ရီးရဲလ်နည်းပြ အန်ဆလော့တီက သူတို့အသင်းရဲ့ ကစားသမားတွေဟာ အမှားတွေ အများကြီး လုပ်မိခဲ့ကြောင်း ထောက်ပြ ဝေဖန်သွားသလို သူတို့အသင်းရဲ့ ခြေစွမ်းက ပြိုင်ဘက် ဘာစီလိုနာရဲ့ ခြေစွမ်းကို မယှဉ်နိုင်ခဲ့ဘူးလို့လည်း ဝန်ခံသွားခဲ့ပါတယ်။

အန်ဆလော့တီက – “အခုက ကျွန်တော်တို့အတွက် အပြောင်းအလဲ တခုခုကို လုပ်ရမယ့် အချိန်မျိုးတော့ မဟုတ်သေးပါဘူး။ ခက်ခဲပြီး ရှုပ်ထွေးတဲ့ ကာလတခုထဲ ရောက်နေတယ်လို့ ပြောရင် လုံလောက်ပါတယ်။ ဘောလုံးရာသီ တခုမှာ ဒီလိုမျိုး အချိန်တွေ ရှိတတ်ပါတယ်။ ကျွန်တော်တို့က အခု အခက်အခဲတွေကို လုံလောက်တဲ့ ကြိုးစား အားထုတ်မှုတွေ ၊ မှန်ကန်တဲ့ စိတ်ထားတွေနဲ့ ပြင်ဆင်နိုင်ပါတယ်။ ကစားသမားတွေကလည်း ဒါကို သဘောပေါက်ရပါမယ်။ သူတို့ လုပ်ခဲ့တဲ့ အမှားတွေက အလွယ်တကူ ပြုပြင်လို့ ရတဲ့ အမှားတွေပါ။ ကျွန်တော်တို့က ပွဲစကတည်းက ကိုယ်လိုချင်တဲ့ ကစားအားကို မရခဲ့ပါဘူး။ ပြီးတော့ သူတို့တွေရဲ့ အမှားတွေကိုလည်း အသုံးမချနိုင်ခဲ့ပါဘူး။ နောက်တော့ ၂ဂိုး ပေးလိုက်ရပါတယ်။ ကျွန်တော်တို့က ကိုယ့်ရဲ့ ကြံ့ခိုင်မှုကို မြှင့်တင်နိုင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ အသင်းလိုက် ကစားပုံလည်း ပိုကောင်းရပါမယ်။ ဒီပွဲက ကျွန်တော်တို့အတွက် ပွဲကောင်း တပွဲ မဟုတ်ခဲ့ပါဘူး။ ဘာစီလိုနာက ကျွန်တော်တို့ထက် အများကြီး ပိုကောင်းခဲ့တာကို ဝန်ခံရပါမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။