အာဆင်နယ် နည်းပြ မီခယ် အာတီတာကတော့ မနေ့ညက အန်ဖီးလ်မှာ ကစားသွားခဲ့တဲ့ လီဗာပူးလ်အသင်း နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို သူမြင်ဖူးသမျှ ပွဲစဉ်တွေထဲကမှ အပြင်းထန်ဆုံးသော ပွဲတစ်ပွဲလို့ သတ်မှတ်သွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ပွဲစတင်ပြီး သိပ်မကြာခင်မှာပဲ အာဆင်နယ် နောက်ခံလူ ဂေဘရီရယ်က ခေါင်းတိုက်ပြီး ဧည့်သည်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် ပထမပိုင်းအတွင်းမှာပဲ မိုဆာလာက လီဗာပူးလ်အသင်းအတွက် ပြန်လည် ချေပပေးနိုင်ခဲ့ပါတယ်။

Photo Credit : Reuters

ဒီပွဲမှာ နှစ်သင်းလုံး အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး အာဆင်နယ်ကလည်း ၂၀၁၂ခုနှစ် နောက်ပိုင်းကတည်းက အန်ဖီးလ်မှာ လီဗာပူးလ်ကို အနိုင်မရသေးတဲ့ အစဉ်အလာကို ချိုးဖျက်ဖို့ ကြိုးစားခဲ့ပေမယ့် သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီရလဒ်ကြောင့် အာဆင်နယ်ကပဲ အမှတ်ပေးဇယားထိပ်မှာ ဆက်လက် ဦးဆောင်နိုင်ခဲ့ရပါတယ်။

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီးတော့ အာတီတာက “မယုံနိုင်စရာ ဘောလုံးပွဲကောင်းတစ်ပွဲပါပဲ။ ပရီးမီးယားလိဂ် အနှစ်(၂၀)အတွင်း ကျွန်တော် ကြည့်ဖူး မြင်ဖူးခဲ့သမျှ ပွဲတွေထဲကမှ အပြင်းထန်ဆုံးသော ပွဲတစ်ပွဲပါ။ ပွဲချိန်တော်တော်များများမှာ ကျွန်တော်တို့က အသာစီးရယူနိုင်ခဲ့တယ်။”

Photo Credit : The Print

“ပွဲပြီးခါနီး မိနစ်(၂၀)လောက်မှာတော့ ကျွန်တော်တို့ ရလဒ်အပြောင်းအလဲ ဖြစ်စေနိုင်ဖို့ ပိုမို လုပ်ဆောင်လာချင်ခဲ့တယ်။ ဒါပေမယ့်လည်း သရေတစ်မှတ်ကလည်း လက်ခံနိုင်လောက်စရာ ရလဒ်တစ်ခု ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့ ကစားသမားတွေ အန်ဖီးလ်မှာ ဒီအသင်းနဲ့ ယှဉ်ကစားဖို့အတွက် ယုံကြည်မှုတွေ သတ္တိတွေ ရှိနေတာကိုလည်း ကျွန်တော် မြင်တွေ့ခဲ့ရတယ်။”

“ကျွန်တော်တို့က သူတို့အသင်းကို တိုက်စစ်ပုံစံနဲ့ ကစားသွားဖို့ ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပြီး ဒါကပဲ သူတို့အသင်းအတွက် ပြသာနာတွေ ဖြစ်စေရတယ်။ သူတို့ကလည်း vertical နဲ့ direct play တွေ ကစားတာ အရမ်းကောင်းတယ်။ နှစ်သင်းလုံးက မယုံနိုင်စရာကောင်းတဲ့ ပွဲကောင်းတစ်ပွဲကို ဖန်တီးသွားနိုင်ခဲ့တယ်။” လို့ ပြောဆိုခဲ့ပါတယ်။