လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်းကြီးတစ်ယောက်ဖြစ်တဲ့ ဂျင်မီကာရေဂါက သူရဲ့မြို့ခံအသင်းဟောင်း အဲဗာတန်အသင်းအနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ထွက်ခွာသွားခဲ့တဲ့ အသင်းနည်းပြကြီး ကားလို့အန်စလော့တီရဲ့နေရာမှာ သူရဲ့ဆရာဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးတဲ့ နည်းပြရာဖေးဘင်နီတက်ဇ်ကို အစားထိုး ပြန်လည်ခန့်အပ်သွားသင့်တယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

နာမည်ကျော် အီတလီနည်းပြကြီး အန်စလော့တီဟာ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သူရဲ့အသင်ဟောင်း ရီးယဲလ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် အချိန်တိုလေးအတွင်းမှာပဲ ရီးယဲလ်အသင်းရဲ့ နည်းပြသစ်အဖြစ် ပြန်လည်ခန့်အပ်ခံလိုက်ရပါတယ်။ ဒီလို အခြေအနေတွေကြောင့် နည်းပြလက်မဲ့ ဖြစ်သွားခဲ့ရတဲ့ အဲဗာတန်အသင်းအနေနဲ့ နည်းပြသစ်တစ်ဦး ပြန်လည်ခန့်အပ်သွားဖို့ လိုအပ်လာတော့မှာဖြစ်လို့ လီဗာပူးလ်အသင်းရဲ့ နည်းပြဟောင်း ဖြစ်ခဲ့ဖူးပြီး လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ စပိန်လူမျိုးနည်းပြ ဘင်နီတက်ဇ်ကို အစားထိုးခန့်အပ်သင့်တယ်လို့ ကာရေဂါက အကြံပြုပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Youtube

ကာရေဂါက “ကားလို့အန်စလော့တီက ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြန်လည်ရောက်ရှိသွားတဲ့အခါ အဲဗာတန်အသင်းပိုင်ရှင်အနေနဲ့ ရီးယဲလ်အသင်းနည်းပြဟောင်းလည်း ဖြစ်ခဲ့ဖူးတဲ့ ချန်ပီယံလိဂ်ချန်ပီယံဟောင်း နောက်ပြီး ပရီးမီးယားလိဂ်မှာလည်း အတွေ့အကြုံတွေ ရှိခဲ့ဖူးတဲ့ နည်းပြတစ်ယောက်ကို ခန့်အပ်သွားလို့ရမယ့် အခွင့်အရေးတစ်ခုကို ရရှိနေတယ်ဆိုတာ သိထားဖို့လိုပါမယ်။ ဒါတွေက ချက်ချင်းကြီးကို ဖြစ်သွားခဲ့ရတယ်။ အန်စလော့တီရဲ့ သတင်းတွေ စထွက်ပေါ်လာပြီးနောက်ပိုင်းကတည်းက အဲဗာတန်အသင်းနည်းပြ ဖြစ်လာနိုင်မယ့် နည်းပြတွေရဲ့စာရင်းထဲမှာ သူက ပါဝင်လာခဲ့တယ်။ သူက ကျွန်တော်ရဲ့ လီဗာပူးလ်နည်းပြဟောင်း ရာဖာဘင်နီတက်ဇ်ပါပဲ။ ရာဖာက လက်ရှိမှာဆို အသင်းလက်မဲ့လည်း ဖြစ်နေတာပါ။ အဲဗာတန်ပိုင်ရှင်အနေနဲ့ မာဆေးဆိုက်ဘောလုံးသမိုင်းမှာ အံ့အားသင့်စရာကောင်းတဲ့ နည်းပြခန့်အပ်မှုတစ်ခုကို လုပ်ဆောင်ဖို့ စဉ်းစားထားတယ်ဆိုရင် ရာဖာက အသင့်လျော်ဆုံးပါပဲ။ ဒါကြောင့် တခြားနည်းပြတွေကို စဉ်းစားလို့ မရသေးဘူးဆိုရင် ရာဖာကိုပဲ နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့က အကောင်းဆုံး ဖြစ်ပါလိမ့်မယ်”’ လို့ ပြောဆိုသွားခဲ့ပါတယ်။ လတ်တလောမှာတော့ အဲဗာတန်အသင်းဟာ ဝုလ်ဗ်အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ ပေါ်တူဂီလူမျိုး နည်းပြနူနိုဆန်းတို့စ်နဲ့ပါ သတင်းတွေ ထွက်ပေါ်လို့နေပြီး ကာရေဂါ အကြံပေးခဲ့သလို ဘင်နီတက်ဇ်သာ အသင်းနည်းပြ ဖြစ်လာမယ်ဆိုရင်တော့ မာဆေးဆိုက် အသင်း(၂)သင်းလုံးကို နည်းပြခဲ့ဖူးတဲ့ နည်းပြတစ်ယောက်အဖြစ်ပါ မှတ်တမ်းဝင်လာဖွယ် ရှိနေပါတယ်။