မနေ့ညက ကျင်းပသွားခဲ့တဲ့ ဆာဘီးယားလက်ရွေးစင်အသင်းနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းတို့ရဲ့ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဧည့်သည်ပေါ်တူဂီဘက်က သွင်းဂိုး(၂)ဂိုးနဲ့ ပွဲကိုစတင်ဦးဆောင်ခဲ့ပေမယ့်လည်း အိမ်ရှင်အသင်းဘက်ကို သွင်းဂိုးတွေ ပြန်လည်ခွင့်ပြုပေးခဲ့ရပြီး တစ်ဖက်ကို (၂)ဂိုးစီနဲ့ သရေကျနေချိန် ပွဲပြီးဆုံးခါနီးမှာ ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုက အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို သွင်းယူခဲ့ပေမယ့် ဒိုင်လူကြီးက ဂိုးအဖြစ် ခွင့်မပြုခဲ့တာကြောင့် နစ်နာခဲ့ရပြီး ဒီဆုံးဖြတ်ချက်က တစ်သင်းသားလုံးကို ထိခိုက်စေခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

ပေါ်တူဂီအသင်းဟာ တိုက်စစ်ကစားသမား ဂျိုတာရဲ့သွင်းဂိုးတွေနဲ့ ပွဲကိုစတင်ဦးဆောင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ဆာဘီးယားအသင်းက ချေပဂိုးတွေကို ပြန်လည်သွင်းယူခဲ့တာကြောင့် (၂)ဂိုးစီ သရေကျခဲ့ရပြီး နာကျင်အချိန်ပိုမှာပဲ ရော်နယ်ဒိုက ပေါ်တူဂီအတွက် အဖိုးတန်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် ဆာဘီးယားနောက်ခံလူက ရော်နယ်ဒိုရဲ့သွင်းဂိုးကို ဂိုးစည်းကျော်ပြီး ဖြတ်ထုတ်လိုက်ခြင်းအပေါ် ဒိုင်လူကြီးက ဒီဂိုးကို ခွင့်ပြုပေးခဲ့ခြင်းမရှိတဲ့အပြင် ဂိုးသွင်းပြီး အောင်ပွဲခံခဲ့တဲ့ ရော်နယ်ဒိုကိုပါ အဝါကတ်ပြသခဲ့ပါသေးတယ်။ ဒီအခြေအနေအပေါ်မှာ အလွန်စိတ်ပျက်သွားခဲ့ရတဲ့ ရော်နယ်ဒိုဟာလည်း သူရဲ့အသင်းခေါင်းဆောင်လက်ပတ်ကို ဒေါသတကြီး ပစ်ပေါက်သွားခဲ့ပါတယ်။

Photo Credit : Goal

ဒီကိစ္စရပ်နဲ့ပတ်သက်ပြီးတော့ကိုလည်း ရော်နယ်ဒိုက သူရဲ့အင်စတာဂရမ်စာမျက်နှာပေါ်ကနေ ဖွင့်ဟလာခဲ့ပါတယ်။ ရော်နယ်ဒိုက “ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် အသင်းခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ရခြင်းက ကျွန်တော့်ဘဝအတွက် အကြီးမားဆုံးသော အခွင့်အရေးကြီးတစ်ခုပါ။ အရမ်းကို ဂုဏ်ယူရပါတယ်။ ကျွန်တော်ရဲ့ နိုင်ငံလက်ရွေးစင်အသင်းအတွက်ကို ကျွန်တော်လုပ်ဆောင်နိုင်သမျှအားလုံးကို အမြဲတမ်းပေးသွားမှာပါ။ ဒါက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ တစ်သင်းသားလုံးက ထိခိုက်နစ်နာနေရတယ်လို့ ခံစားနေရချိန်မှာတော့ ဒါကို ကိုင်တွယ်ဖို့ဆိုတာ ခက်ခဲမှုတွေ ရှိလာနိုင်ပါတယ်။ ခေါင်းကိုမော့ထားပြီး နောက်ထပ်စိန်ခေါ်မှုကို ရင်ဆိုင်ရပါမယ်။ လုပ်ထား ပေါ်တူဂီသားတွေရေ” လို့ အင်စတာဂရမ်ပေါ်ကနေ ရေးသားလာခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေရဲ့ အဖွင့်ပွဲအဖြစ် အဇာဘိုင်ဂျန်အသင်းနဲ့ စတင်ကစားခဲ့ရတာဖြစ်ပြီး (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ကာ ဆာဘီးယားနဲ့ပွဲမှာတော့ (၂)ဂိုးစီ သရေကျခဲ့ရတာကြောင့် (၂)ပွဲကစားပြီးနောက် ရမှတ်(၄)မှတ်ပဲ ရယူထားနိုင်ခဲ့ပါတယ်။