ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ချယ်လ်ဆီးအသင်းက Three လို့နာမည်ထားတဲ့ ဗြိတိန်နိုင်ငံအတွင်း နာမည်ကြီးနေတဲ့ Telecommunication ကုမ္မဏီကြီးတစ်ခုနဲ့ စာချုပ်ချုပ်ဆိုဖြစ်ခဲ့တာကြောင့် လာမယ့်ရာသီကနေစတင်ပြီး “3” ဆိုတဲ့ နံပါတ်တစ်လုံးကို သူတို့အသင်းရဲ့ ရင်ဘတ်စပွန်ဆာအဖြစ်နဲ့ အသုံးပြုသွားတော့မှာဖြစ်ပါတယ်။ ဒီစပွန်ဆာနာမည်နဲ့ပတ်သက်ပြီး ဘောလုံးပရိသတ်တွေကြားမှာ ဝေဖန်လှောင်ပြောင်မှုတွေ ဖြစ်ခဲ့ပေမယ့် တကယ်ဆို ချယ်လ်ဆီးရဲ့စပွန်ဆာထက် ပိုပြီးထူးခြားဆန်းပြားနေတဲ့ စပွန်ဆာတွေ ရှိခဲ့ဖူးပါတယ်။ ဒီအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

အမေရိကန် မက်ဆာချူးဆက်ပြည်နယ် အခြေစိုက်ဘောလုံးအသင်းဖြစ်တဲ့ ဝါရှင်တန်စကွဲလ်အက်စီအသင်းရဲ့ စပွန်ဆာကတော့ ထူးခြားတယ်ဆိုတာထက် လန်းတယ်လို့တောင် ပြောရမလားပဲ။ ဘာလို့လဲဆိုတော့ မကြာသေးခင်ကမှ သူတို့အသင်းနဲ့ ပူးပေါင်းခဲ့တဲ့ စပွန်ဆာနာမည်က ယောကျာင်္းလေးတိုင်းနဲ့ ရင်းနှီးနေမယ့် Red Tube ဖြစ်နေလို့ပါပဲ။ ကြည့်ရတာ ဒီအသင်းရဲ့ ကစားသမားတွေလည်း ဒီဝက်ဆိုဒ်ရဲ့ပရိသတ်တွေ ဖြစ်နေနိုင်ပါတယ်။

အသက်လက်တီကိုမက်ဒရစ်အသင်းက ၂၀၀၄ခုနှစ်အတွင်း Columbia Picture ဆိုတဲ့ အထင်ကရ ရုပ်ရှပ်ထုတ်လုပ်ရေးနဲ့ စပွန်ဆာချုပ်ဆိုပြီးနောက်မှာ သူတို့ထုတ်လုပ်ရေးရဲ့ ဇာတ်ကားသစ်ဖြစ်တဲ့ စပိုက်ဒါမန်းဇာတ်ကား အတွဲ(၂)ကို အသက်လက်တီကိုအသင်းရဲ့ရင်ဘတ်စပွန်ဆာအဖြစ်နဲ့ အသုံးပြုခဲ့ရပါတယ်။

TY ဆိုတာက အမေရိကန်နိုင်ငံမှာ တည်ထောင်ထားတဲ့ အရုပ်တွေထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခုဖြစ်သလို ၂၀၀၂ခုနှစ်ကနေ ၂၀၀၅ခုနှစ်အထိ ပရီးမီးယားလိဂ် ကလပ်အသင်းဟောင်းတစ်သင်းဖြစ်တဲ့ ပို့စ်မောက်ရဲ့ရင်ဘတ်စပွန်ဆာအနေနဲ့လည်း ရှိခဲ့ဖူးပါတယ်။ ဝက်ဝံရုပ်လေးတွေ ထုတ်လုပ်တဲ့ကုမ္မဏီရဲ့နာမည်ကို စပွန်ဆာတပ်ဆင်ထားရတဲ့ ပို့စ်မောက်အသင်းလည်း ပရီးမီးယားလိဂ်မှာ ကြာကြာတောင် မရပ်တည်နိုင်ခဲ့ပါဘူး။

ဝက်ဘရွန်းအသင်းကတော့ ဘောလုံးပရိသတ်တွေနဲ့ သိပ်မစိမ်းလှတဲ့ အသင်းတစ်သင်းဖြစ်ပြီးတော့ သူတို့အသင်းလည်း တချိန်တခါတုန်းက ထူးထူးခြားခြား စပွန်ဆာတစ်ခုကို တပ်ဆင်ခဲ့ပါသေးတယ်။ အဲ့ဒါကတော့ အခြားအသင်းတွေနဲ့မတူ သူတို့အသုံးပြုခဲ့တဲ့ စပွန်ဆာက ဆေးလိပ်မသောက်ရဆိုတဲ့ ဆိုင်းဘုတ်တစ်ခု ဖြစ်နေလို့ပါပဲ။