အက်စတွန်ဗီလာအသင်းနဲ့ စကော့တလန် ကစားသမားဟောင်းကြီး အလန်ဟက်တန်က ဒီနှစ်ဘောလုံးရာသီအတွင်း လီဗာပူးလ်အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့ နောက်ခံကစားသမား ဂျိုးဂိုးမက်ဇ်ကို အခု ဆောင်းစျေးကွက်အတွင်းမှာ အငှားသာချုပ်နဲ့ဖြစ်ဖြစ် ခေါ်ယူနိုင်တယ်လို့ သူရဲ့အသင်းဟောင်းကို တိုက်တွန်းပြောဆိုသွားခဲ့ပြီး ဂိုးမက်ဇ်က ဗီလာအသင်းအတွက် အကောင်းဆုံးသော ခေါ်ယူမှုတစ်ခု ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Sada El balad
အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန် ဗဟိုနောက်ခံကစားသမား ဂိုးမက်ဇ်ဟာ ချာတန် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး ၂၀၁၅ခုနှစ်မှာပဲ ချာတန်ကနေ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။ ဘယ်ခြမ်း ညာခြမ်းခံစစ်တွေမှာ စတင်ကစားခဲ့ရတဲ့ ဂိုးမက်ဇ်ဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာပဲ ဗဟိုခံစစ်နေရာကို စတင်ပြောင်းလဲ ကစားခဲ့ရပြီး နယ်သာလန်ခံစစ်မှူး ဗန်ဒိုက်နဲ့ တွဲဖက်ကာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သလို ဆုဖလား အောင်မြင်မှုတွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆိုးရွှားလှတဲ့ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရပြီးနောက်မှာ အသင်းအတွက် ပွဲကစားခွင့်တွေ နည်းပါးလာခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီ တစ်ရာသီလုံးနဲ့ ဒီနှစ် ဘောလုံးရာသီဝက်အထိ ပရီးမီးယားလိဂ်ပွဲစဉ် (၉)ပွဲကိုသာ ပါဝင်ထားခဲ့ရပါတယ်။
Photo Credit : Sportskeeda
ဒီလို ပွဲထွက်ခွင့် နည်းပါးလွန်းနေချိန်မှာ လီဗာပူးလ်ဘက်က နောက်ထပ် ဗဟိုခံစစ်မှူးတစ်ဦးအဖြစ် ကိုနာတေးကိုပါ ထပ်မံခေါ်ယူလိုက်တဲ့အတွက် ဂိုးမက်ဇ်ရဲ့ ပွဲထွက်ခွင့်တွေက အကန့်အသတ်နဲ့ ရှိလာခဲ့လို့ အသင်းမှာ မပျော်မရွှင် ဖြစ်နေရတယ် အသင်းကနေ ထွက်ခွာချင်နေတယ်ဆိုတဲ့ ကောလဟာလတွေပါ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလို သတင်းတွေအပြင် လီဗာပူးလ် ဂန္တဝင်ကစားသမားဟောင်းကြီး စတီဗင်ဂျရတ်ကလည်း ဂိုးမက်ဇ်ကို သူအခု ကိုင်တွယ်နေတဲ့ ဗီလာအသင်းဆီ လက်ကျန်ဘောလုံးရာသီ အကုန်ထိ အငှားနဲ့ ခေါ်ယူချင်နေတယ်ဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်လာပြန်ပါတယ်။ ဒီသတင်းတွေနဲ့ပတ်သက်ပြီး အလန်ဟက်တန်က “ဂျိုးဂိုးမက်ဇ် လုပ်ဆောင်နိုင်တာတွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ။ အဲ့ဒါက သူ ဒဏ်ရာမရခင် ဗန်ဒိုက်နဲ့ တွဲဖက်ကစားနေစဉ်အတွင်း လုပ်ဆောင်နိုင်ခဲ့တာပါ။ သူအနေနဲ့ အက်စတွန်ဗီလာလို နောက်ထပ် ထိပ်တန်းအသင်းကြီး စတီဗင်ဂျရတ်ရဲ့လက်အောက်မှာ လာရောက်ကစားဖို့ အခွင့်အရေးတွေ ရှိနေပါတယ်။ ဒါက သူ့အတွက် ကြီးမားတဲ့ စွဲဆောင်မှုတစ်ခု ဖြစ်လာပြီး ဗီလာအတွက်ကလည်း ကြီးမားတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။