MySport Myanmar

တန်ဟက်ဂ်က သူ့အတွက် အရမ်း အရေးပါတဲ့သူလို့ အမ်မရာဘတ် ဆို

ဖီအိုရင်တီးနားအသင်းကနေ မန်ချက်စတာ ယူနိုက်တက်အသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ မော်ရိုကို ကွင်းလယ်ကစားသမား အမ်မရာဘတ်က ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ဟာ သူ့အတွက်တော့ အရမ်းကို အရေးပါသူတစ်ဦးလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်က အမ်မရာဘတ်ကို ဖီအိုရင်တီးနားကနေ တစ်ရာသီ အငှားခေါ်ယူကြေးအဖြစ် ယူရို (၁၀)သန်းနဲ့ ခေါ်ယူခဲ့ပြီး အပြီးသတ် ခေါ်ယူမယ်ဆိုရင် ယူရို (၂၅)သန်းကိုပါ ထပ်မံ ပေးချေသွားဖို့ သဘောတူညီပြီး ခေါ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Youtube

အမ်မရာဘတ် နဲ့ တန်ဟက်ဂ်တို့ဟာ ယူနိုက်တက်အသင်းမှာမှ စတင် ဆုံတွေ့ကြဖူးတာ မဟုတ်ပဲ နယ်သာလန်ကလပ် အူးထရတ်အသင်းမှာကတည်းက (၂)နှစ်နီးပါးလောက် လက်တွဲကြဖူးတဲ့ ဆရာတပည့်ဟောင်းတွေပဲ ဖြစ်ပါတယ်။

အမ်မရာဘတ်က သူရဲ့စီနီယာ ကစားသမားဘဝကို အူးထရက်အသင်းမှာ စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီကမှတစ်ဆင့် ဖီယင်နော့ ကလပ်ဘရုဂေး ဗီရိုနာ ဖီအိုရင်တီးနားနဲ့ ယူနိုက်တက်အသင်းတွေဆီ ဆက်တိုက် ပြောင်းရွှေ့ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Yahoo! Sports

အမ်မရာဘတ်ဟာ အူးထရတ်အသင်းမှာ နည်းပြတန်ဟက်ဂ်လက်အောက် ပွဲပေါင်း (၅၀)ခန့်အထိ ကစားခဲ့ဖူးပြီး သူ့အသက် (၁၈) (၁၉)သာ ရှိနေသေးတဲ့အချိန်မှာပဲ တန်ဟက်ဂ်က သူ့ကို အသင်းကြီး အတွေ့အကြုံတွေ အများကြီး ပေးခဲ့တယ်လို့လည်း အမ်မရာဘတ်က ဆိုထားပါတယ်။

ဆက်လက်ပြီး အမ်မရာဘတ်က သူဟာ တန်ဟက်ဂ်ဆီကနေ အများကြီး လေ့လာသင်ယူခဲ့ရပြီး လက်ရှိ သူ ရောက်ရှိနေတဲ့ ကစားသမားဘဝ အဆင့်အတန်းအတွက် တန်ဟက်ဂ်က အရမ်းကို အရေးပါတဲ့ နေရာမှာ ပါဝင်ခဲ့တယ်လို့လည်း ထပ်လောင်း ပြောဆိုထားပါသေးတယ်။ အမ်မရာဘတ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားတုန်းက မော်ရိုကိုအသင်းကို ဆီမီးဖိုင်နယ်အထိ ပို့ဆောင်နိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ခြေစွမ်းပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Exit mobile version