၂၀၂၃-၂၄ ဘောလုံးရာသီမှာ ဖီအိုရင်တီးနားကနေ မန်ချက်စတာ ယူနိုက်တက်အသင်းဆီကို တစ်ရာသီ အငှားနဲ့ လာရောက် ကစားခဲ့တဲ့ မော်ရိုကို ကွင်းလယ်လူ ဆိုဖီယန် အမ်မရာဘတ်က အခုချိန် အငှားစာချုပ် ပြည့်သွားပေမယ့် ယူနိုက်တက်မှာပဲ ဆက်လက် ရှိသွားချင်တယ်လို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

မော်ရိုကိုအသင်းနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့လို့ ကလပ်အသင်းများစွာရဲ့ စိတ်ဝင်စားမှုတွေ ရရှိလာတဲ့ အသက် (၂၇)နှစ်အရွယ် ကွင်းလယ်ကစားသမား အမ်မရာဘတ်ကို ယူနိုက်တက်က တစ်ရာသီ အငှား + ပေါင်(၂၁.၄)သန်းတန် အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူခဲ့ပါတယ်။

Photo Credit : One Football

အမ်မရာဘတ်ဟာ ယူနိုက်တက် ကွင်းလယ်မှာ ကက်စီမဲရိုးနဲ့ တွဲဖက်ပြီး အကောင်းဆုံးပုံစံတွေ ပြသနိုင်လိမ့်မယ်လို့ ယူနိုက်တက် ပရိသတ်တွေက မျှော်လင့်ခဲ့ကြပေမယ့်လည်း တကယ်တမ်းမှာတော့ ပုံမှန် ခြေစွမ်းပြဖို့တောင် ရုန်းကန်ခဲ့ရပြီး အသင်းရဲ့ကစားဟန်နဲ့ သူရဲ့ ကစားပုံက အံ့မဝင်နိုင်လို့ ခြေစွမ်းပြသဖို့ ခက်ခဲခဲ့ရပါတယ်။

ဒါကြောင့်ပဲ ယူနိုက်တက်အနေနဲ့ အမ်မရာဘတ်ရဲ့ အငှားစာချုပ် ပြည့်မြောက်ချိန်မှာ အပြီးသတ် ခေါ်ယူမှု မလုပ်ဆောင်တော့ပဲ ဖီအိုရင်တီးနားအသင်းဆီသာ ပြန်ပို့တော့မယ်လို့ သတင်းထွက်လာခဲ့ပေမယ့် အမ်မရာဘတ်ကတော့ ရာသီကုန်ခါနီးမှာပဲ မော်ရိုကိုနဲ့ World Cup မှာ ပြသခဲ့တဲ့ ခြေစွမ်းတွေအတိုင်း ပြန်လည် ပြသလာနိုင်ခဲ့ပါတယ်။

Photo Credit : Goal

မန်ချက်စတာဒါဘီ အက်ဖ်အေဖလားဖိုင်နယ်မှာ ယူနိုက်တက် ကွင်းလယ်ကို ဦးဆောင်ခဲ့တဲ့ အမ်မရာဘတ်ကို ပေါလ်စခိုးကိုယ်တိုင် ဂတ်တူဆို ကစားနေတဲ့အတိုင်းပဲ ချီးကျူးရခဲ့တဲ့အထိ အမ်မရာဘတ်ရဲ့ စွမ်းဆောင်ရည်က အသိအမှတ်ပြုချင်စရာ ဖြစ်လာခဲ့ပြီး သူကိုယ်တိုင်ကလည်း ဖီအိုရင်တီးနားဆီ ပြန်ဖို့ထက် ယူနိုက်တက်မှာပဲ ဆက်နေချင်လာခဲ့ပါတယ်။

“ကျွန်တော်အတွက်ကတော့ မန်ချက်စတာ ယူနိုက်တက်မှာ ဆက်နေဖို့က သေချာပေါက် ရွေးချယ်မှု တစ်ခုပါပဲ။ အဲ့ဒီအတွက်လည်း ကျွန်တော်တို့ ဆက်လက် ဆွေးနွေးနေပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ ကမ္ဘာ့အကြီးမားဆုံး ကလပ်အသင်း ဖြစ်တာမို့ ဘယ်ကစားသမားမဆို ဒီအသင်းမှာ သေချာပေါက် ကစားချင်ကြမှာပဲလေ။” လို့ အမ်မရာဘတ်က ပြောဆိုသွားခဲ့ပါတယ်။