ဖီနာဘာချီအသင်းရဲ့ မော်ရိုကို ကွင်းလယ်ကစားသမား ဆိုဖီယန် အမ်မရာဘတ်က မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်ဟာ သူ့ကို ယူနိုက်တက်အသင်းမှာသာ ဆက်လက် ရှိနေချင်ခဲ့တာ ဖြစ်တယ်လို့ ဖီနာဘာချီနဲ့ ယူနိုက်တက်တို့ရဲ့ ယူရိုပါလိဂ်ပွဲ မတိုင်ခင်မှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အမ်မရာဘတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဖီအိုရင်တီးနားကနေ ယူနိုက်တက်အသင်းဆီ တစ်ရာသီအငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ယူနိုက်တက်မှာ ရုန်းကန်မှုတွေ ရှိခဲ့ရပေမယ့်လည်း ရာသီကုန်ခါနီးလောက်မှတော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို အသင်းနဲ့အတူ FA Cup လည်း ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Tranfery

အသက် (၂၈)နှစ်အရွယ် ကွင်းလယ်လူ အမ်မရာဘတ်ဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၃၀)အထိ ကစားခဲ့ရသလို ယူနိုက်တက်မှာပဲ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းချင်လိုပေမယ့် အသင်းဘက်က အပြီးသတ် ခေါ်ယူခွင့်ကို အသုံးပြုမှာ မဟုတ်ကြောင်း ဖီအိုရင်တီးနားအသင်းဆီ အကြောင်းပြန်ခဲ့ပြီး အငှားသက်တမ်း ပြည့်ချိန်မှာ အမ်မရာဘတ်ကို ဖီအိုရင်တီးနားဆီသာ ပြန်ပို့ဆောင်ခဲ့ပါတယ်။

အခုတော့ အမ်မရာဘတ်က မော်ရင်ဟို ကိုင်တွယ်နေတဲ့ ဖီနာဘာချီအသင်းဆီ အငှားနဲ့ ထပ်မံ ပြောင်းရွှေ့ခဲ့ရပြီး ဒီနေ့မှပဲ သူ့အသင်းဟောင်း ယူနိုက်တက်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပြန်လည် တွေ့ဆုံရမှာ ဖြစ်ပါတယ်။ “ကျွန်တော် အူးထရတ်(နယ်သာလန်ကလပ်)အသင်းမှာ ကစားခဲ့စဉ် အသက်(၂၀)အရွယ်ကတည်းက အဲရစ် တန်ဟက်ဂ်နဲ့ အထူး ဆက်ဆံရေးကောင်းတွေ ရှိခဲ့ပါတယ်။”

Photo Credit : The Sun

“သူက ကျွန်တော့်ကို ဒီနွေရာသီ အသင်းမှာပဲ ဆက်နေချင်ခဲ့တာ။ ဒါကြောင့် သူ့ကို အကောင်းဆုံးတွေ ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပေမယ့် ဒီနေ့အတွက်တော့ မဟုတ်ပါဘူး။ ဒီနေ့ပွဲမှာတော့ သူ့အသင်းကို ရှုံးနိမ့်စေချင်ပါတယ်။” လို့ အမ်မရာဘတ်က တန်ဟက်ဂ်နဲ့ ပတ်သက်ပြီး ပြောဆိုသွားခဲ့ပါတယ်။

အမ်မရာဘတ်နဲ့ တန်ဟက်ဂ်တို့ဟာ နယ်သာလန်ကလပ် အူးထရတ်မှာကတည်းက လက်တွဲခဲ့ကြတာဖြစ်လို့ တန်ဟက်ဂ်က အမ်မရာဘတ်ကို ယူနိုက်တက်မှာသာ ဆက်ရှိချင်နေပေမယ့်လည်း ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အမ်မရာဘတ်ကို အပြီးသတ် ခေါ်ယူဖို့ နောက်ထပ် အငှားနဲ့ ခေါ်ယူဖို့ မစီစဉ်တော့ဘဲ ပီအက်စ်ဂျီကနေ ကွင်းလယ်လူ အူဂါတေးကိုသာ ခေါ်ယူဖြစ်ခဲ့ပါတယ်။