ဖီအိုရင်တီးနားအသင်းရဲ့ မော်ရိုကို ကွင်းလယ်လူ ဆိုဖန် အမ်မရာဘတ်က သူ့ကို ဆော်ဒီကလပ်တွေက ကမ်းလှမ်းလာပေမယ့်လည်း အမ်မရာဘတ်ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချထားတယ်လို့ သိရပါတယ်။

လတ်တလောမှာ အမ်မရာဘတ်ကို ဆော်ဒီကလပ် အယ်လ် အာလီအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေသလို အမ်မရာဘတ်ကလည်း အသင်းမပြောင်းတော့ပဲ ဖီအိုရင်တီးနားမှာပဲ ဆက်နေသွားတော့မယ်ဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : Twitter

ဒါပေမယ့် ဖီအိုရင်တီးနားမှာပဲ ဆက်ရှိနေမယ်ဆိုတဲ့ သတင်းတွေက ကောလဟာလတွေသာ ဖြစ်သလို အယ်လ် အာလီရဲ့ မက်မောလောက်စရာ ကမ်းလှမ်းမှုကိုလည်း အမ်မရာဘတ်ဘက်က စိတ်မဝင်စားပဲ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ကိုသာ စိတ်ဝင်တစား ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကတည်းက ယူနိုက်တက် နဲ့ အမ်မရာဘတ်တို့ရဲ့ကြား ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်ချိန်ကတည်းက အမ်မရာဘတ်ဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း ယူနိုက်တက်ဆီကိုသာ ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။

Photo Credit : ESPN

ဒါပေမယ့် ယူနိုက်တက်ဘက်ကတော့ အခုအချိန်ထိ အမ်မရာဘတ်အတွက် တရားဝင် ကမ်းလှမ်းမှု တစ်ကြိမ်မှ မလုပ်ဆောင်ရသေးပဲ ဖရက်ဒ် နဲ့ ဗန်ဒယ်ဘိခ်တို့လို ကွင်းလယ် ကစားသမားတွေကို အရင်ဆုံး ရှင်းထုတ်သွားပြီးမှသာ အမ်မရာဘတ်ကို စတင် ကမ်းလှမ်းဖို့ ရှိနေပါတယ်။

အမ်မရာဘတ်ကတော့ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ရဖို့ကိုသာ အာရုံစိုက်ထားပြီး ထပ်မံ ရောက်ရှိလာတဲ့ ကမ်းလှမ်းမှုတွေကိုလည်း တုံ့ပြန်ထားခြင်း မရှိပဲ ယူနိုက်တက် ကမ်းလှမ်းလာမယ့် အချိန်ကိုသာ စောင့်ဆိုင်းလျက် ရှိနေပါတယ်။