စပို့တင်း လစ္စဘွန်းကနေ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောက်လာတော့မယ့် နည်းပြ ရူဘင် အမော်ရင်ဟာ သူရဲ့အိုင်ဒေါကြီး ဂျိုဆေး မော်ရင်ဟိုလို နည်းပြမျိုး ဖြစ်ချင်နေတာကြောင့် အခုလို risk ယူပြီး ယူနိုက်တက်အသင်းဆီ ပြောင်းလာဖို့ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ပေါ်တူဂီ နာမည်ကြီး ဂျာနယ်လစ်တစ်ဦးက သုံးသပ်သွားခဲ့ပါတယ်။

အသက် (၃၉)နှစ်အရွယ် ပေါ်တူဂီ ကစားသမားဟောင်း လက်ရှိ စပို့တင်းနည်းပြ အမော်ရင်ဟာ စပို့တင်းကို ၂၀၂၀ကမှ စတင် ကိုင်တွယ်ခဲ့ပေမယ့် အသင်းအတွက် ပေါ်တူဂီ အမှတ်ပေးဖလား (၂)ကြိမ် ပေါ်တူဂီ ရှုံးထွက်ဖလား (၂)ကြိမ် ရယူပေးထားနိုင်ခဲ့သလို လက်ရှိမှလည်း ပေါ်တူဂီ အမှတ်ပေးပြိုင်ပွဲမှာပါ ရာနှုန်းပြည့် နိုင်ပွဲတွေနဲ့အတူ ဇယားထိပ်မှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။

Photo Credit : Goal

ပေါ်တို ဘင်ဖီကာတို့လို ထိပ်တန်းအသင်းတွေကို ကျော်ဖြတ်ပြီး ဆုဖလားတွေ ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးထားနိုင်တဲ့ အမော်ရင်ကို မန်စီးတီး လီဗာပူးလ် ချယ်လ်ဆီးအသင်းတို့ကပါ စိတ်ဝင်စားမှုတွေ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ယူနိုက်တက်က တန်ဟက်ဂ်နေရာအတွက် အမော်ရင်ကို ခပ်သွက်သွက် ကြိုးပမ်းလာခဲ့ရာ အခုတော့ အောင်မြင်သွားခဲ့ရပြီ ဖြစ်ပါတယ်။

ယူနိုက်တက်က အသင်းရလဒ်ဆိုးတွေကြောင့် နည်းပြ တန်ဟက်ဂ်နဲ့ လက်တွဲဖြုတ်လိုက်ရာ ရက်ပိုင်းအတွင်းမှာပဲ ယူနိုက်တက်ဟာ အမော်ရင်ကို မြန်မြန်ဆန်ဆန် ခေါ်ယူလိုက်နိုင်ပါတယ်။ အမော်ရင်နဲ့ စပို့တင်းတို့ကြားမှာ လျော်ကြေးစာချုပ် ယူရို (၁၀)သန်းအထိ သတ်မှတ်ထားတာကို ယူနိုက်တက်ဘက်က အဲ့ဒီလျော်ကြေးစာချုပ်အတိုင်း ပေးချေခဲ့တာကြောင့် အသင်းနှစ်သင်းကြား သဘောတူညီလည်း ရရှိခဲ့ပါတယ်။

Photo Credit : Reddit

အခုဆိုရင် အမော်ရင်ဟာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးပွဲစဉ်အမီ ကိုင်တွယ်သွားဖို့ပါ ရှိနေပြီး ပေါ်တူဂီလိဂ်မှာ အခြေအနေကောင်းနေပါလျက်နဲ့ ယူနိုက်တက်လို ရုန်းကန်နေရတဲ့ အသင်းဆီ risk ယူပြီး ပြောင်းခဲ့တာက အမော်ရင်အနေနဲ့ မော်ရင်ဟိုလို နည်းပြမျိုး ဖြစ်ချင်နေတာကြောင့်လို့ ပေါ်တူဂီ ဂျာနယ်လစ် ဘာလီယာက သုံးသပ်သွားခဲ့ပါတယ်။

“အခု သူရဲ့အပြောင်းအရွှေ့က သူ စပို့တင်းဆီ ရောက်လာတုန်းကလိုမျိုး risk အရမ်းများတဲ့ အပြောင်းအရွှေ့ ဖြစ်မယ်ဆိုတာ သေချာပါတယ်။ ပေါ်တူဂီ ပြည်တွင်းမှာလည်း အခြေအနေကောင်းနေသလို ဥရောပပြိုင်ပွဲမှာလည်း သေချာလုပ်ဆောင်ထားနိုင်တဲ့ အခြေအနေကနေ risk ယူရတဲ့ အပြောင်းအရွှေ့ ဖြစ်လာပါလိမ့်မယ်။ တကယ်တော့ သူက သူ့အိုင်ဒေါ ဂျိုဆေး မော်ရင်ဟိုလို ဖြစ်ချင်နေတာ။ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ဆုဖလားတွေ ရယူချင်တာလို့ ကျွန်တော် ထင်ပါတယ်။” လို့ ဘာလီယာက မှတ်ချက်ပြုသွားခဲ့ပါတယ်။