စပို့တင်း လစ္စဘွန်းအသင်းနည်းပြ ရူဘင် အမော်ရင်က လီဗာပူးလ်အသင်း နည်းပြကြီး ယာဂန် ကလော့ပ်နေရာအတွက် အကောင်းဆုံး အစားထိုးမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိကြောင်း ဂျာအို ပါလင်ညာက သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းနဲ့ ကာလရှည်ကြာ လက်တွဲခဲ့တဲ့ ပဲ့ကိုင်ရှင် နည်းပြကြီး ကလော့ပ်ဟာ ဒီရာသီအကုန်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်သွားတော့မယ်လို့ တရားဝင် အသိပေး ထုတ်ပြန်ပြီးနောက်ပိုင်း လီဗာပူးလ်နည်းပြရာထူးအတွက် ရေပန်းစားလာတဲ့ နည်းပြတွေ ပေါ်ထွက်လာခဲ့ရပါတယ်။

Photo Credit : Daily Mail

ကနဦးမှာတော့ ကစားသမားဟောင်းလည်းဖြစ် လက်ရှိ လေဗာကူဆင်မှာလည်း တောက်ပလွန်းနေတဲ့ ဇာဘီ အလွန်ဆိုနဲ့ သတင်းတွေ အတော်လေး ထွက်ပေါ်လိုက်ပေမယ့်လည်း အလွန်ဆိုက လေဗာကူဆင်မှာပဲ အနည်းဆုံး တစ်ရာသီခန့် ဆက်ရှိသွားဦးမယ်ဆိုလို့ စပို့တင်းနည်းပြ အမော်ရင်နဲ့ ပြောင်းလဲ သတင်းထွက်လာပါတယ်။

လီဗာပူးလ်နဲ့ အမော်ရင်တို့ကြားမှာ သဘောတူညီမှုပါ ရရှိထားခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် အမော်ရင်ကိုယ်တိုင် ငြင်းချက်ထုတ်ထားခဲ့ပေမယ့်လည်း အမော်ရင်ကပဲ သူနဲ့ စပို့တင်း လစ္စဘွန်းအသင်းတို့ရဲ့ အနာဂတ်ဟာလည်း ရေရာသေချာမှု ရှိမနေတော့ဘူးလို့ ပြောဆိုထားသေးတာကြောင့် လီဗာပူးလ်နဲ့ အမော်ရင်တို့ရဲ့ သတင်းက ပြန်လည် တစ်စခန်းထလာနိုင်ပါတယ်။

Photo Credit : Fabrizio Romano

လက်ရှိမှာလည်း အမော်ရင်နဲ့ ပတ်သက်ပြီး သူနဲ့ လက်တွဲခဲ့ဖူးတဲ့ ပေါ်တူဂီ ကစားသမား အမော်ရင်ရဲ့ အရည်အသွေးတွေအကြောင်း ပြောဆိုလာခဲ့သလို အခုလည်း စပို့တင်းအသင်းမှာ အမော်ရင်လက်အောက်မှာ ကစားခဲ့ဖူးတဲ့ ပါလင်ညာက အမော်ရင်ကို ချီးမွှမ်းပြောဆိုလာခဲ့ပါတယ်။

“သူသာ လီဗာပူးလ်အသင်းနဲ့ လက်တွဲဖြစ်ခဲ့မယ်ဆိုရင်တော့ လူတွေက သူရဲ့ ပင်ကိုယ်စရိုက် လက္ခဏာကို နှစ်သက်ကြလိမ့်မယ်ဆိုတာ ကျွန်တော် သေချာပေါက်ကို သိနေတယ်။ အဲ့ဒီအတွက် ဘာသံသယမှ မရှိပါဘူး။ သူက ယာဂန် ကလော့ပ်နေရာကို အကောင်းဆုံး အစားဝင်ရောက်နိုင်လိမ့်မယ်လို့လည်း ကျွန်တော် ယုံကြည်တယ်။ နောက်ပြီး သူက ဖိအားတွေကိုလည်း သေချာ ကိုင်တွယ် ဖြေရှင်းနိုင်ပါတယ်။” လို့ ပါလင်ညာက သူ့ဆရာသမားဟောင်းကို ချီးကျူးသွားခဲ့ပါတယ်။