MySport Myanmar

ဂါနာချိုမှာ အခုထက် ပိုကောင်းနိုင်မယ့် အလားအလာတွေ ရှိနေတယ်လို့ အမော်ရင် သုံးသပ်

မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမားလေး အလက်ဟန်ဒရို ဂါနာချိုနဲ့ ပတ်သက်ပြီး ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်က ချီးကျူးစကားတွေ ဆိုလာခဲ့သလို ဒီကစားသမားဆီမှာ အခုထက် ပိုပြီးတော့ ကောင်းမွန်လာနိုင်မယ့် အလားအလာကောင်းတွေပါ ရှိနေတယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

အာဂျင်တီးနား လက်ရွေးစင် အသက်(၂၀)အရွယ် ကစားသမားဟာ မန်ချက်စတာဒါဘီမှာ ကစားသမားစာရင်းကနေ ချန်လှပ်ခံရပြီးနောက်ပိုင်း (၅)ပွဲဆက်တိုက် အရန်လူစာရင်းမှာသာ ပါဝင်ခဲ့ရင်းနဲ့ ဒီနောက်ပိုင်းမှသာ line-up ထဲ ပြန်လည် ပါဝင်လာခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မနေ့က ရိန်းဂျားစ်နဲ့ပွဲမှာလည်း ပုံစံကောင်းတွေ ပြသသွားနိုင်ခဲ့ပါတယ်။

Photo Credit : ESPN

အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပြန်လည် ပါဝင်လာသည့်တိုင် ဂါနာချိုက နာပိုလီ ချယ်လ်ဆီးအသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေ တောက်လျှောက် ထွက်ပေါ်နေပြီး အခုဆိုရင် ချယ်လ်ဆီးကပါ ဂါနာချိုအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)နဲ့ပါ ကမ်းလှမ်းထားခဲ့ပေမယ့် ဒါကို ယူနိုက်တက် ပယ်ချထားခဲ့ပါတယ်။

ဒီလို အပြောင်းအရွှေ့ကိစ္စတွေနဲ့ သတင်းမွှေးနေတဲ့ ဂါနာချိုဟာ ရိန်းဂျားစ်နဲ့ ယူရိုပါလိဂ်ပွဲမှာ ပွဲချိန်ပြည့်ပါ ပါဝင်ကစားခဲ့ရင်း စွမ်းဆောင်ရည်ကောင်းတွေပါ ပြသနိုင်ခဲ့ပါတယ်။ ဂါနာချိုနဲ့ ပတ်သက်ပြီး အမော်ရင်က “ကျွန်တော် ပွဲတွေကိုပဲ အာရုံစိုက်နေပြီး သူလည်း ဒီမှာပဲ ရှိနေပါတယ်။ သူက ဒီအသင်းအတွက် ကစားပေးနေပြီးတော့ ဒီပွဲမှာလည်း သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားပါ ဖြစ်ခဲ့ပါသေးတယ်။ နောက်ရက်တွေမှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရတာပေါ့။”

Photo Credit : United in Focus

“သူဟာ ကစားပွဲတွေရဲ့ ရှုထောင့်အသီးသီးမှာ တိုးတက်လာနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီပွဲမှာလည်း သူက အတွင်းဝင်ကစားတာရော အပြင်ထွက်ကစားတာရော နေရာပြောင်းကစားတာရောမှာပါ ကစားတာ ပိုကောင်းလာတယ်။ ပွဲချိန်ပြည့် ဘောလုံးပြန်ဆယ်ယူတာတွေ လုပ်ပေးခဲ့ပြီး အသင်းကို ကူညီနိုင်ခဲ့ပါတယ်။”

“တစ်ခါတစ်ရံတော့လည်း သူ့ဆီမှာ စိတ်ပျက်နေတာတွေ မြင်ခဲ့ရပေမယ့် ဒါက သူပိုလုပ်ချင်နေတဲ့ အပြုအမှုတွေ ဖြစ်လို့ အဆင်ပြေပါတယ်။ သူက ပွဲတွေရဲ့ အခြေအနေတိုင်းမှာ ပိုကောင်းလာနိုင်မယ့် အလားအလာတွေ ရှိနေတယ်လို့ ထင်ပါတယ်။ ကျွန်တော် ပြောနိုင်တာကတော့ ကျွန်တော် သူ့ကို ကူညီပေးဖို့ ကြိုးစားနေတယ်ဆိုတာကို သူ သေချာနားလည်ပါလိမ့်မယ်။ ကျွန်တော် သူတို့ကို ကူညီနေပေမယ့် သူတို့ကတော့ သူတို့အလုပ်ကို သေချာ လုပ်သွားရပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version