MySport Myanmar

အိုးလ်ထရက်ဖို့ဒ်ရဲ့ ကြောက်စရာဟိတ်ဟန် ပျောက်ဆုံးသွားကြောင်း အာမိုရင် ဝန်ခံ

မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ရူဘင် အာမိုရင်က သူတို့ရဲ့အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်ဟာ ပြိုင်ဘက်တွေအတွက် ကြောက်စရာကောင်းတဲ့နေရာတစ်ခု မဟုတ်တော့ကြောင်း ဝန်ခံပြောကြားလိုက်ပြီး အသင်းရဲ့ကစားပုံနဲ့ ရလဒ်တွေနဲ့အတူ ပရိသတ်တွေအတွက် ပျော်စရာကောင်းတဲ့နေရာ တစ်ခုအဖြစ် ပြန်လည်ပြောင်းလဲပေးသွားမယ်လို့ ကတိပြုလိုက်ပါတယ်။ ရာသီသစ်အဖွင့်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲမတိုင်မီမှာ ပေါ်တူဂီနည်းပြက ဒီလိုပြောကြားခဲ့တာပါ။

ယူနိုက်တက်ဟာ ၂၀၂၄-၂၅ ရာသီမှာ အိုးလ်ထရက်ဖို့ဒ်မှာတင် လိဂ်ပွဲ (၉)ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး အဆင့်(၁၅)နဲ့ ရာသီသိမ်းခဲ့ရတဲ့ ဆယ်စုနှစ်ငါးခုအတွင်း အဆိုးရွားဆုံးရာသီကို ဖြတ်သန်းခဲ့ရပါတယ်။ ဒီအခြေအနေကို ပြောင်းလဲဖို့အတွက် နည်းပြ အာမိုရင်ဟာ ဒီနွေရာသီမှာ ပေါင် သန်း(၂၁၀)အထိ သုံးစွဲပြီး တိုက်စစ်ပိုင်းကို ဘင်ဂျမင် ဆက်ကို၊ မားသီးယပ်စ် ကွန်ညာနဲ့ ဘရိုင်ယန် အမ်ဘူမိုတို့ကို ခေါ်ယူအားဖြည့်ခဲ့ပါတယ်။

Photo Credit : Goal

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က “ကျွန်တော်တို့ အိုးလ်ထရက်ဖို့ဒ်ကို ပရိသတ်တွေအတွက် ပျော်စရာကောင်းတဲ့နေရာတစ်ခုဖြစ်အောင် ပြန်လုပ်ရမယ်။ ဒါက အရမ်းအရေးကြီးတယ်။ ကျွန်တော်တို့ အာဆင်နယ်လို အသင်းကောင်းတစ်သင်းနဲ့ ရာသီစရမှာပါ။”

“အခု ဒီအခန်းထဲက လူတိုင်းက အာဆင်နယ်နိုင်မယ်လို့ ထင်နေကြတယ်။ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အဲ့ဒီအထင်ကို ပြောင်းပြန်လှန်ပစ်ဖို့ ကျွန်တော်တို့ တနင်္ဂနွေနေ့မှာ ရှိနေမှာပါ။” လို့ စိန်ခေါ်ပြောကြားခဲ့ပါတယ်။

Photo Credit : Goal

“ဒါက ကစားသမားတွေတင်မကဘူး ပရိသတ်တွေနဲ့လည်း ဆိုင်တယ်။ ဖီအိုရင်တီးနားနဲ့ ခြေစမ်းပွဲမှာတောင် ပရိသတ်တွေက နည်းနည်း စိတ်လှုပ်ရှားနေတာကို ခံစားမိတယ်။ ဒီခံစားချက်ကို တစ်ရက်တည်း တစ်ပွဲတည်းနဲ့ ပြောင်းလို့မရဘူး။ ဒါက ကျွန်တော်တို့အားလုံး အတူတူတိုက်ပွဲဝင်ရမယ့် ခံစားချက်မျိုးပါ။ ကစားသမား နည်းပြ ပရိသတ် အားလုံး အတူတူ အရာအားလုံးကို ပြောင်းလဲသွားမှာပါ။ အသင်းကောင်းတစ်သင်းဖြစ်ချင်တယ်ဆိုရင် အိမ်ကွင်းမှာ နိုင်ပွဲတွေရဖို့ အထူးအရေးကြီးပါတယ်။” လို့ သူက ဆက်ပြောခဲ့ပါတယ်။

ပေါင် သန်း(၂၁၀) သုံးစွဲထားတာကြောင့် နည်းပြ အာမိုရင်အပေါ်မှာ ဖိအားတွေ ရှိနေပြီး ဒီနေ့ (တနင်္ဂနွေနေ့) မှာ အာဆင်နယ်ကို အနိုင်ရပြီး ရာသီကို ကောင်းကောင်းစတင်ဖို့ ပစ်မှတ်ထားနေပါတယ်။ တိုက်စစ်မှူးသစ်တွေဖြစ်တဲ့ ဆက်ကို၊ ကွန်ညာနဲ့ အမ်ဘူမိုတို့အားလုံး ဒီပွဲမှာ ပါဝင်လာဖို့ရှိနေပြီး ပရိသတ်တွေကတော့ ပိုပြီးအစွမ်းထက်တဲ့ ယူနိုက်တက်အသင်းကို မြင်တွေ့လိုနေကြပါတယ်။

Exit mobile version