MySport Myanmar

ဆီမီးဖိုင်နယ် ဒုကျော့မှာ ဘာမဆို ဖြစ်သွားနိုင်သေးတယ်လို့ အမော်ရင် သတိပေး

မန်ချက်စတာ ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်ဟာ ဒီနေ့ညမှည ကစားမယ့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် မတိုင်ခင် ပြိုင်ဘက် ဘီလ်ဘာအိုအပေါ် လုံးဝပေါ့ဆလို့ မရဘူးလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ပထမအကျော့ အဝေးကွင်းမှာ ၃-၀ ဂိုးပြတ် အနိုင်ရထားပေမယ့်လည်း မကြာသေးခင်ကမှ အိုးထရက်ဖို့ဒ်မှာ လိုင်ယွန်အသင်းကို (၄)ဂိုးပေးခဲ့ရတဲ့ ကွာတားဖိုင်နယ်ပွဲကလို ထပ်ဖြစ်မှာကို စိုးရိမ်နေပုံရပါတယ်။

နည်းပြ အမော်ရင်က သူ့အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပေါ့လျော့တတ်တဲ့ အခြေအနေကို စိုးရိမ်နေပြီး မနက်ဖြန်ပွဲမှာ ဘယ်လို ပုံစံမျိုး ဖြစ်လာမလဲ ဆိုတာကို မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ “ကျွန်တော်တို့ရဲ့ ဒီရာသီကိုကြည့်ရင် ဘာမဆိုဖြစ်နိုင်ပါတယ်။ သွင်းဂိုး တစ်ဂိုးတည်းကတင် အရာအားလုံးကို ပြောင်းလဲပစ်နိုင်တယ်ဆိုတာ နားလည်ရပါမယ်။”

Photo Credit : The Independent

“ကစားသမားတစ်ယောက် အထုတ်ခံရတာမျိုးတွေကလည်း ပွဲရဲ့ အရှိန်အဟုန်ကို ပြောင်းစေနိုင်တယ်။ ဒါကို ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ခင်ဗျားတို့ တွေ့ခဲ့ရပါတယ်။ ပြီးတော့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ သရေကျလုနီးပါး ဖြစ်နေရာကနေ တစ်ဂိုးပေးလိုက်ရတယ်။ ပြီးတော့ နောက်တစ်ဂိုးပါ ထပ်ပေးရတယ်။ တချို့အသင်းတွေက ပွဲအခြေအနေကို ထိန်းချုပ်နိုင်တယ်။ ကျွန်တော်တို့က အဲ့ဒီလိုမလုပ်နိုင်ဘူး။ နောက်တစ်ဆင့်တက်ဖို့ ဂိုးသွင်းဖို့ လိုအပ်တယ်လို့ ကျွန်တော်ခံစားရတယ်။ ဗိုလ်လုပွဲတက်ဖို့ နည်းနည်းတော့ ရုန်းကန်ရဦးမယ်၊ ကျွန်တော်တို့ ရုန်းကန်ဖို့ အဆင်သင့်ပါပဲ။”

“ကျွန်တော်တို့အသင်းကိုကြည့်ရင် ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ ပြောလို့မရဘူး။ တစ်ခါတလေ ပွဲအတွင်းမှာ ကျွန်တော်တို့က တစ်သင်းဖြစ်နေပြီးတော့ ရုတ်တရက် စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားတတ်တယ်။ာကျွန်တော်ရောက်လာကတည်းက ရလဒ်ပိုင်းအရဆိုရင် ပရီးမီးယားလိဂ်မှာ အဆိုးဆုံးအသင်းတွေထဲက တစ်သင်းပါ။ ရာသီကုန်ရင်တော့ ဥရောပဖလားတစ်လုံးနဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးဆုံးအသင်း ဖြစ်သွားနိုင်တယ်။” လို့ အမော်ရင်က ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Diario AS

ဘီလ်ဘာအိုအသင်းနည်းပြ အာနက်စတို ဗယ်လ်ဗာဒီက “အရမ်းကိုမမျှတတဲ့ ရလဒ်ဖြစ်နေတာကို သိပေမယ့် ကျွန်တော်တို့ ဘာကိုမှ အရှုံးမပေးပါဘူး။” လို့ ပြောထားခဲ့ပါတယ်။ ဘီလ်ဘာအိုအသင်းက ပကျော့အခြေအနေကို ပြောင်းပြန်လှန်နိုင်ဖို့ဆိုတာ သိပ်မလွယ်ကူတဲ့အပြင် အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ နီကို ဝီလီယံစ် အီနာကီ ဝီလီယံစ်နဲ့ ဆန်ဆက်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့အပြင် ပြီးခဲ့တဲ့အပတ်က ပင်နယ်တီဖြစ်ရပ်မှာ အနီကတ်ထိခဲ့တဲ့ ဒါနီ ဗီဗီယန်လည်း ပွဲပယ်ခံထားရပါတယ်။

သမိုင်းမှတ်တမ်းတွေအရ ယူရိုပါလိဂ် (အရင် ယူအီးအက်ဖ်အေ ဖလား) ပြိုင်ပွဲသမိုင်းတစ်လျှောက် ရှုံးထွက်အဆင့်တွေရဲ့ ပထမအကျော့ အဝေးကွင်းမှာ (၃)ဂိုးနဲ့အထက် အနိုင်ရခဲ့တဲ့ အသင်းပေါင်း (၁၃၃)သင်းလုံးဟာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ကြတယ်ဆိုတဲ့ မှတ်တမ်းမျိုးလည်း ရှိနေတာကြောင့် အဲ့ဒါက ယူနိုက်တက်အတွက် အားသာချက်လည်း ဖြစ်စေနိုင်ပါတယ်။

Exit mobile version