MySport Myanmar

အမော်ရင်က မန်ယူ လူစာရင်းရဲ့ တစ်ဝက်ကို ရှင်းထုတ်ချင်နေတယ်လို့ ဖာဒီနန် သုံးသပ်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လက်ရှိ ကစားသမားစာရင်းထဲက ကစားသမား (၅၀)ရာခိုင်နှုန်းလောက်ဟာ အသင်းနည်းပြ ရူဘင် အမော်ရင်ရဲ့ လက်အောက်မှာ အသင်းကနေ ရှင်းထုတ်ခံရနိုင်ခြေ ရှိတယ်လို့ ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က ယုံကြည်နေကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ရဲ့ ဆိုးရွားလှတဲ့ ဒီရာသီ ပရီးမီးယားလိဂ် ခရီးကြမ်းဟာ တနင်္ဂနွေနေ့က ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ၀-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားမှာ အဆင့်(၁၆)နေရာထိတောင် ရောက်ရှိသွားစေရပါတယ်။ ဒါ့အပြင် နည်းပြ အမော်ရင်လက်ထက်မှာ ယူနိုက်တက်ဟာ လိဂ်ပွဲ(၂၅)ပွဲထဲ (၆)ပွဲသာ အနိုင်ရရှိထားပြီး နောက်ဆုံးနိုင်ပွဲကတော့ မတ်လ ၁၆ ရက်နေ့က တန်းဆင်းသွားတဲ့ လက်စတာကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Football FanCast

တနင်္ဂနွေနေ့မှာလည်း ဒီရာသီ ပရီးမီးယားလိဂ်မှာ စံချိန်တင် အိမ်ကွင်းရှုံးပွဲ (၉)ပွဲနဲ့ ကြုံတွေ့လိုက်ရပြီးနောက် အသင်းက ပရီးမီးယားလိဂ်ကို လုံးဝ အာရုံမစိုက်တော့ဘဲ ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကိုပဲ ဦးစားပေးနေတဲ့အပေါ် နားလည်ပေးခဲ့တဲ့ ပရိသတ် အများအပြားဆီကတောင် ပြင်းထန်တဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဖာဒီနန်ကတော့ အမော်ရင်အနေနဲ့ လက်ရှိလူစာရင်းရဲ့ တစ်ဝက်လောက်ကို ဖြတ်တောက်ချင်လိမ့်မယ်လို့ တွက်ဆထားပြီး သူ့ရဲ့အစီအစဉ်ကို အကောင်အထည်ဖော်နိုင်မယ့် လူစာရင်းတစ်ခု တည်ဆောက်ဖို့ အနည်းဆုံး အပြောင်းအရွှေ့ကာလ နှစ်ခုလိုအပ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ “သူ အဝတ်လဲခန်းထဲကို ကြည့်ပြီး ‘ငါသာ မျက်လှည့်တောင်ဝှေးတစ်ချောင်းနဲ့ လုပ်နိုင်ရင် လာမယ့် (၅)နှစ်အတွင်း ဒီအသင်းရဲ့ အနည်းဆုံး (၅၀)ရာခိုင်နှုန်းလောက် ဒီမှာရှိနေမှာမဟုတ်ဘူး’ လို့ တွေးနေလိမ့်မယ်ထင်တယ်။”

Photo Credit : Utd District

“ဘာလို့လဲဆိုတော့ သူတို့တွေက အရည်အချင်း မပြည့်မီဘူး။ ပြီးတော့ သူကစားစေချင်တဲ့ ပုံစံအတွက်လည်း မမှန်ကန်ဘူး။ ကျွန်တော် သူ့ကိုကြည့်ပြီး သူ မလိုအပ်တဲ့သူတွေကို ရှင်းထုတ်ဖို့နဲ့ သူ တကယ် လိုအပ်တဲ့ ကစားသမားတွေ ခေါ်ယူဖို့ အနည်းဆုံး အပြောင်းအရွှေ့ကာလကောင်း နှစ်ခုလောက် လိုတယ်လို့ ထင်တယ်” လို့ ဖာဒီနန်က သုံးသပ် ပြောဆိုပါတယ်။

ယူနိုက်တက်ဟာ လာမယ့် သောကြာနေ့မှာ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ကစားရမှာဖြစ်ပြီး အဲ့ဒီပွဲပြီးရင်တော့ စပါးအသင်းနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ဆင်နွဲရမှာ ဖြစ်သလို ပြီးတာနဲ့ အက်စတွန် ဗီလာနဲ့ ရာသီပိတ်ပွဲကို ကစားရပါမယ်။ ယူနိုက်တက်က ဒီရာသီ ပရီးမီးယားလိဂ်မှာ အဆင့်(၁၇)ထိ ရောက်ရှိနိုင်ပေမယ့် ယူရိုပါလိဂ်မှာသာ ဗိုလ်စွဲမယ်ဆိုရင်တော့ ဖလားလည်းရ ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Exit mobile version