ပေါ်တူဂီ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပို့တင်း လစ္စဘွန်းရဲ့ နည်းပြဖြစ်သူ ရူဘင် အမိုရင်ဟာ အသင်းအနေနဲ့ သူ့ရဲ့ ဆုံးဖြတ်ချက် တခု ဖြစ်တဲ့ ကြယ်ပွင့်ဟောင်း ရိုနယ်ဒိုကို မခေါ်ယူဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး ရိုနယ်ဒိုကို ခေါ်ယူမယ် ဆိုရင် ရာထူးကနေ နုတ်ထွက်မယ်လို့ စပို့တင်း လစ္စဘွန်း ဘုတ်အဖွဲ့ဆီ အသိပေးထားကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းထောက် တဦး ဖြစ်သူ ဒန်ကန် ကတ်စတယ်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုက ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ကစားချင်တာကြောင့် လက်ရှိကလပ် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာကာ ချန်ပီယံလိဂ်ဝင်ခွင့်ရ ထိပ်တန်းအသင်း တသင်းဆီ ပြောင်းရွှေ့ ကစားဖို့ ကြိုးပမ်းနေသူပါ။

Photo Credit: Mirror

လက်ရှိမှာတော့ ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်စ်က ချန်ပီယံလိဂ်ဝင်ခွင့်ရ ထိပ်သီးအသင်းတွေဆီ သူ့ရဲ့ ကစားသမားကို ခေါ်ယူမလား ဆိုပြီး ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကာ ရိုနယ်ဒိုရဲ့ အသင်းဟောင်း စပို့တင်း လစ္စဘွန်းက ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ဖြစ်နေပါတယ်။

စပို့တင်း လစ္စဘွန်းရဲ့ ဘုတ်အဖွဲ့ဝင်တွေက အသင်းရဲ့ ပုံရိပ်နဲ့ ဝင်ငွေကို မြှင့်တင်နိုင်ဖို့ ရိုနယ်ဒိုကို ခေါ်ယူချင်နေသလို ရိုနယ်ဒိုကလည်း စပို့တင်း လစ္စဘွန်းဆီ ပြန်လည် ပြောင်းရွှေ့ချင်နေပေမယ့် စပို့တင်း လစ္စဘွန်းဟာ ရိုနယ်ဒိုအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် မပေးချေနိုင်သလို ရိုနယ်ဒိုရဲ့ မြင့်မားတဲ့ လုပ်ခလစာ တရပ်ကို ပေးချေဖို့လည်း အခက်တွေ့နေပါတယ်။

Photo Credit: Mirror

ဒါ့အပြင် စပို့တင်း လစ္စဘွန်းရဲ့ နည်းပြဖြစ်သူ အမိုရင်ကလည်း ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်မဝင်စားပဲ ရိုနယ်ဒိုကို ခေါ်ယူလိုက်ခြင်းဟာ အသင်းရဲ့ စည်းလုံးမှုကို ပျက်ပြားစေလိမ့်မယ်လို့လည်း ယုံကြည်နေပြီး ရိုနယ်ဒိုကို မခေါ်ယူသင့်ကြောင်း စပို့တင်း လစ္စဘွန်း ဘုတ်အဖွဲ့ထံ တင်ပြထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒန်ကန် ကတ်စတယ်နဲ့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times Sports သတင်းဌာနတို့ရဲ့ တညီတညွတ်ထဲ ဖော်ပြချက်အရ အမိုရင်က ရိုနယ်ဒိုကိုသာ ခေါ်ယူလိုက်မယ် ဆိုရင် သူဟာ ရာထူးကနေ နုတ်ထွက်မယ်လို့ စပို့တင်း လစ္စဘွန်း ဘုတ်အဖွဲ့ကို ခြိမ်းခြောက်ထားကြောင်းနဲ့ စပို့တင်း လစ္စဘွန်းကလည်း အမိုရင်ရဲ့ ခြိမ်းခြောက်မှုကြောင့် ရိုနယ်ဒိုကို ခေါ်ယူဖို့ တွန့်ဆုတ်နေကြောင်း သိရပါတယ်။