စပို့တင်း လစ္စဘွန်းအသင်းရဲ့ နည်းပြ ရူဘင် အမော်ရင်က လတ်တလောမှာ ထွက်ပေါ်နေတဲ့ သတင်းတွေထဲမှာ သူနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ကြား သဘောတူညီမှု ရရှိထားတယ်လို့ ဖော်ပြနေတဲ့အပေါ် အမော်ရင်ကိုယ်တိုင် ပြန်လည် တုံ့ပြန် ရှင်းလင်းမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီကုန်မှာ အသင်းနည်းပြကြီး ယာဂန် ကလော့ပ်နဲ့ လက်တွဲဖြုတ်ရတော့မှာဖြစ်ပြီး ကလော့ပ်နေရာမှာ အစားထိုးဖို့အတွက် ကစားသမားဟောင်း ဇာဘီ အလွန်ဆိုကို ချိန်ရွယ်ခဲ့ပေမယ့် အလွန်ဆိုက လေဗာကူဆင်နဲ့သာ ဆက်လက် လက်တွဲမှာမို့ အမော်ရင်ဘက်ကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

အသက် (၃၉)နှစ်အရွယ်ရှိ အမော်ရင်ဟာလည်း အလွန်ဆိုလို ကစားသမားဘဝကနေ အနားယူခဲ့ပြီးနောက် နည်းပြနယ်ပယ်ထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး လက်ရှိ စပို့တင်း လစ္စဘွန်းမှာ အကောင်းဆုံး စွမ်းဆောင်ပေးထားနိုင်တာကြောင့် သူ့ကို လီဗာပူးလ်အပြင် အခြားသော ကလပ်အသင်းတွေကပါ စိတ်ဝင်စားနေကြပါတယ်။

အမော်ရင်က စပို့တင်းအသင်းအတွက် ဆုဖလားတွေလည်း ရယူပေးထားနိုင်သူဖြစ်လို့ လီဗာပူးလ်အနေနဲ့ ကလော့ပ်နေရာမှာ အမော်ရင်ကိုသာ အစားထိုးသွားချင်နေပြီး အမော်ရင်နဲ့ လီဗာပူးလ်တို့ရဲ့ သတင်းတွေဟာလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Fabrizio Romano

ထွက်ပေါ်လာတဲ့ သတင်းတွေအရ လီဗာပူးလ်အသင်းဟာ အမော်ရင်ကို နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ဆွေးနွေးလျက် ရှိနေပြီး (၃)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်နဲ့ပါ သဘောတူညီမှု ရယူထားနိုင်ခဲ့တယ်လို့လည်း သတင်းထွက်ပေါ်ထားခဲ့ပါတယ်။

ဒါပေမယ့် အမော်ရင်ကတော့ “ကျွန်တော် လီဗာပူးလ်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ တစ်ကြိမ်မှ မရှိခဲ့သလို ဘာ သဘောတူညီမှုမှလည်း မရှိပါဘူး။ ဒီသတင်းတွေက မမှန်ကန်ပါဘူး။ ကျွန်တော်က စပို့တင်း နည်းပြပါ။ ဒီအသင်းနဲ့ပဲ နိုင်ပွဲတွေ ဆုဖလားတွေ ရယူသွားချင်ပါတယ်။ ဘယ်အသင်းနဲ့မှ မဆွေးနွေးဖြစ်ပါဘူး။ သဘောတူညီမှုတွေလည်း မရယူထားပါဘူး။ ဒါကြောင့် ဒီဇာတ်လမ်းတွေကို အဆုံးသတ်လိုက်ပါ။” လို့ တုံ့ပြန်သွားခဲ့ပါတယ်။