MySport Myanmar

ချန်ပီယံတွေ ပြန်ဖြစ်ချင်ရင် ခွေးရူးတွေလို ပြေးလွှားနေရမယ်လို့ အမော်ရင် သတိပေး

မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြသစ် ရူဘင် အမော်ရင်က ယူနိုက်တက် ကစားသမားတွေအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံတွေ ပြန်ဖြစ်ချင်တယ်ဆိုရင်တော့ ပွဲစဉ်တွေအတွင်း ခွေးရူးတွေလို မနားတမ်း ပြေးလွှား ယှဉ်ပြိုင်နေရမယ်လို့ သတိပေး ပြောကြားသွားခဲ့ပါတယ်။

အမော်ရင်ဟာ ယူနိုက်တက်အသင်းကို (၄)ပွဲသာ ကိုင်တွယ်ထားရသေးပြီး ဒီနေ့မှာတော့ သူရဲ့ (၅)ပွဲမြောက်အဖြစ် နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ အိုးထရက်ဖို့ဒ်မှာ ဧည့်ခံသွားရဖို့ ရှိနေပါတယ်။ ဒီပွဲမတိုင်ခင်မှာ အမော်ရင်က ယူနိုက်တက်ဟာ ကြီးမားတဲ့ကလပ် ဖြစ်ပေမယ့် ကြီးမားတဲ့အသင်း မဟုတ်ကြောင်း ဝန်ခံခဲ့ပြီး သူရဲ့ နည်းပြသစ်နဲ့ ပတ်သက်ပြီး မျှော်လင့်ချက် အဆင့်များကို စီမန့်ခန့်ခွဲဖို့ ကြိုးစားနေတယ်လို့ ဆိုလိုက်ပါတယ်။

Photo Credit : Sky Sports

အသက် (၃၉)နှစ်အရွယ် ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြ အမော်ရင်က သူ့ကစားသမားတွေအနေနဲ့ အင်္ဂလန် ဘောလုံးလောကရဲ့ အထွတ်အထိပ်ကို ပြန်လည် တက်လှမ်းနိုင်ဖို့အတွက် ကစားသမားတွေက ပြင်းပြင်းထန်ထန်နဲ့ ပိုမို ကြိုးပမ်းကစားသွားရလိမ့်မယ်လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

“ကျွန်တော်တို့တွေအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံတွေ ပြန်ဖြစ်ချင်တယ်ဆိုရင်တော့ ခွေးရူးတွေလို မနားတမ်း ပြေးလွှား ကစားနေရမယ်။ အဲ့ဒီလိုမှ မကစားဖူးဆိုရင်တော့ ကျွန်တော်တို့က ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ကမ္ဘပေါ်က အကောင်းဆုံး ကစားသမား (၁၁)ယောက်နဲ့ ကစားစေဦးတော့ အဲ့ဒီလိုမျိုးသာ ပြေးလွှား မကစားဘူးဆိုရင် သူတို့လည်း အောင်ပွဲရမှာ မဟုတ်ဘူး။”

Photo Credit : Sky Sports

“ဒါက ရှင်းလင်း်ပါတယ်။ ဒီလို အသင်းမျိုးနဲ့သာဆိုရင်တော့ ပရီးမီးယားလိဂ်ဖလားကို အရ ယူဆောင်နိုင်ဖို့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းရဲ့ ခံစစ်ဆီ ပြေးလွှားပုံတွေ တိုက်စစ်ဆီ ပြေးလွှားပုံတွေ တိုက်ပွဲဝင်တဲ့ ပုံစံတွေက ပထမဆုံး ဖြေရှင်းရမယ့် အချက်တွေလို့ ထင်မြင်မိပါတယ်။ ကစားသမားတွေမှာ အားစိုက်ထုတ်ဖို့နဲ့ တိုးတက်လာအောင် လုပ်ရမယ့် နေရာတွေက အများကြီး ရှိနေပါတယ်။” လို့ အမော်ရင်က ပြောဆိုသွားခဲ့ပါတယ်။

စပို့တင်း လစ္စဘွန်းအသင်းနည်းပြဟောင်း အမော်ရင်က ယူနိုက်တက်နည်းပြအဖြစ် စတင် တာဝန်ယူနေစဉ်အတွင်း အသင်းမှာ အပြောင်းအလဲတွေ များစွာ လုပ်ဆောင်ခဲ့ပြီး (၄)ပွဲ ကိုင်တွယ်ပြီးချိန်မှာ နိုင်ပွဲ (၂)ပွဲ သရေပွဲ (၁)ပွဲနဲ့ ရှုံးပွဲ (၁)ပွဲ ရှိထားခဲ့ရကာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ အိမ်ကွင်းပွဲတွေမှာပဲ နိုင်ပွဲ (၂)ပွဲကို ရယူခဲ့တာ ဖြစ်ပါတယ်။

Exit mobile version