မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ရူဘင် အမော်ရင်က သူ့အနေနဲ့ ယူနိုက်တက်အသင်းမှာ နည်းပြအဖြစ် (၂)လကြာမြင့်အောင် ကျင်လည် ဖြတ်သန်းပြီးသွားချိန် သူ့အသက်ဟာ နဂိုကထက် (၁၀)နှစ်လောက် အိုစာသွားခဲ့ရတယ်လို့ မွေးနေ့နဲ့ ပတ်သက်ပြီး အင်တာဗျူးချိန်မှာ ဖြေဆိုသွားခဲ့ပါတယ်။

စပို့တင်း လစ္စဘွန်းအသင်းနဲ့ တောက်ပခဲ့တဲ့ ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြ အမော်ရင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာလကပဲ အဲရစ် တန်ဟက်ဂ်နဲ့ လက်တွဲဖြုတ်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့ပြီး လက်ရှိမှာတော့ အသင်းအတွက် (၁၇)ပွဲအထိ ကိုင်တွယ်ထားခဲ့ပြီ ဖြစ်သလို (၇)ပွဲနိုင် (၇)ပွဲရှုံး (၃)ပွဲသရေကျထားခဲ့ပါတယ်။

 

Photo Credit : Sky Sports

အင်္ဂလန် ဘောလုံးလောကနဲ့ရော ပရီးမီးယားလိဂ်နဲ့ပါ အစိမ်းသက်သက် ဖြစ်နေတဲ့ အမော်ရင်က သူရဲ့ နည်းဗျူဟာဖြစ်တဲ့ ၃-၄-၃ ကစားကွက်ကိုသာ ယူနိုက်တက်မှာ ဆက်လက် အသုံးပြုနေခဲ့ပြီး ရလဒ်ပိုင်းတွေက ကျေနပ်စရာ မရှိသေးသလို ကစားတွေကလည်း အမော်ရင်ရဲ့ ကစားကွက်နဲ့ အံ့မဝင်နိုင်မှုတွေ ရှိနေရသေးပါတယ်။

ဖေဖော်ဝါရီလဖွား အမော်ရင်ဟာ ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာပဲ သူ့အသက် (၄၀)ပြည့်သွားခဲ့ရပြီး ဒီအကြောင်းကို အင်တာဗျူးမှာ မေးမြန်းခဲ့ရာမှာတော့ အမော်ရင်က “ဒါက တကယ်တော့ (၄၀)ပြည့်တာ မဟုတ်ဘူး။ ကျွန်တော် အသက်(၅၀)ပြည့်သွားရတာ။ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ (၂)လအထိ ဖြတ်သန်းခဲ့ပြီးသွားတော့ အသက်(၅၀) ဖြစ်သွားရတယ်။”

Photo Credit : Goal

“ကျွန်တော်ရဲ့ အသက်(၄၀)ပြည့် မွေးနေ့ကို ဒီနေရာမှာ ဖြတ်သန်းခဲ့ရတာ တကယ်ကို အခွင့်ထူးပါပဲ။ ကစားသမားတွေကတော့ ကျွန်တော့်မွေးနေ့မှာ နားရက်တောင်းကြပေမယ့် ကျွန်တော် ခွင့်မပြုခဲ့ပါဘူး။ ကျွန်တော်တို့ လေ့ကျင့်ခန်းပဲ ပြုလုပ်သွားကြမှာပါ။ ကျွန်တော့်မွေးနေ့မှာ ကစားခွင့်မရတဲ့ ကစားသမားတွေနဲ့ အလုပ်လုပ်ရတာကလည်း ကျွန်တော့်အတွက် မွေးနေ့လက်ဆောင်လိုပဲ။”

“ဒါက တကယ်ကို ပျော်ရွှင်စရာကောင်းနေလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အနိုင်ရထားခဲ့လို့ပါ။ ပြီးရင်တော့ ကျွန်တော့်ကလေးတွေနဲ့အတူ ညစာစားသွားပါမယ်။” လို့ ဖြေဆိုသွားခဲ့ပါတယ်။ အမော်ရင်ရဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် ကြာသပတေးနေ့ညမှာတော့ ရိုမေးနီးယားကလပ် FCSB အသင်းနဲ့ ယူရိုပါလိဂ် league phase နောက်ဆုံးပွဲကို ကစားသွားရပါမယ်။