မနေ့ညက အန်ဖီးလ်ကွင်းမှာ အိမ်ရှင် လီဗာပူးလ်အသင်းနဲ့ (၂)ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေဆီကနေ ပြိုင်ပွဲဝင် စိတ်ဓါတ်ကောင်းမျိုးတွေ မြင်တွေ့ခဲ့ရတယ်လို့ ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်က ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ လက်ရှိမှာ ရလဒ်ဆိုးတွေ ဆက်တိုက် ကြုံတွေ့နေရသလို စွမ်းဆောင်ရည်ပိုင်းမှာလည်း လိုအပ်ချက်တွေ ရှိနေရပေမယ့် ဒီရာသီထဲ တအားကောင်းလွန်းနေတဲ့ လီဗာပူးလ်နဲ့ ရင်ဆိုင်ရချိန်မှာတော့ အမော်ရင်ရဲ့ ယူနိုက်တက်က မထင်ထားလောက်အောင် အကောင်းဆုံး ရင်ဆိုင်သွားခဲ့ပြီး နိုင်ပွဲရနိုင်မယ့် အခြေအနေတွေအထိပါ ရောက်ခဲ့ပါသေးတယ်။
Photo Credit : Sky Sports
အင်္ဂလန်ဒါဘီပွဲက မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ပြီး အတော်လေး ကြည့်လို့ကောင်းတဲ့ ပွဲကောင်းလည်း ဖြစ်ခဲ့သလို ယူနိုက်တက်ကလည်း ဦးဆောင်ဂိုးပါ သွင်းယူရင်း ဖိအားပေးခဲ့သလို ပြန်လည် ဦးဆောင်ခံရချိန်မှာလည်း ချေပဂိုး သွင်းယူနိုင်ခဲ့သလို ပွဲပြီးခါနီးမှာလည်း မက်ဂွိုင်းယားက ပွဲသိမ်း အနိုင်ဂိုး သွင်းယူဖို့ပါ နီးစပ်ခဲ့ပါသေးတယ်။
ဒီပွဲနဲ့ ပတ်သက်ပြီး နည်းပြအမော်ရင်က “ကျွန်တော်က ကျွန်တော့်အသင်းရဲ့ ကစားပုံ ပိုကောင်းတာကို မြင်တွေ့ချင်ပေမယ့် အခု ပြောရမယ့် အရေးအကြီးဆုံးအရာက စိတ်ဓါတ်ပါပဲ။ ဒီပွဲမှာ ကျွန်တော်တို့ဟာ နည်းစနစ်ပ်ိုင်းတွေ နည်းဗျူဟာပိုင်းတွေကြောင့် မဟုတ်ဘဲ ယှဉ်ပြိုင်လိုစိတ်အပြည့်နဲ့ အသင်းတစ်သင်းကို မြင်တွေ့ခဲ့ရသလိုပဲ။”
Photo Credit : Goal
“ပြိုင်ဘက်အသင်းက ဘယ်အသင်းပဲ ဖြစ်နေနေ ကျွန်တော်တို့က ဒီလို ပုံစံမျိုးနဲ့သာ ရင်ဆိုင်သွားရပါမယ်။ ကျွန်တော်တို့က တကယ်ကို ယှဉ်ပြိုင်လိုစိတ်နဲ့ ကစားသွားခဲ့တယ်။ ဒါက အရေးအကြီးဆုံးပါပဲ။ ကျွန်တော်တို့အနေနဲ့ အာရုံစိုက် ကစားမယ်၊ ဘောလုံးတိုင်းအတွက် တိုက်ပွဲဝင်မယ်ဆိုရင် ပွဲပြီးလို့ ပင်ပန်းပြီး ရလဒ်မကောင်းခဲ့ရင်တောင် ကျွန်တော်တို့က အသင်းကောင်းတစ်သင်း ဖြစ်နေပါမယ်။”
“အဲ့ဒီလိုမှ မကစားနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့က ရှုံးပွဲတွေဘဲ ကြုံတွေ့နေရမယ်ဆိုတာ လုံးဝကို ရှင်းလင်းပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ အမော်ရင်ရဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာတော့ အာဆင်နယ်အသင်းရဲ့ Emirates ကွင်းမှာ FA Cup တတိယအဆင့်ပွဲစဉ်အဖြစ် သွားရောက် ကစားရဦးမှာပဲ ဖြစ်ပါတယ်။