MySport Myanmar

သူရဲ့ နည်းပြရာထူးနဲ့ ပတ်သက်ပြီး စိုးရိမ်နေတာမျိုး မရှိဘူးလို့ အမော်ရင် ဆို

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မနေ့ညက တော့တင်ဟမ် ဟော့စပါးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၁၅)နေရာထိတောင် ရောက်သွားခဲ့ရပေမယ့်လည်း ယူနိုက်တက်နည်းပြဖြစ်သူ ရူဘင် အမော်ရင်ကတော့ သူရဲ့ နည်းပြရာထူးနဲ့ ပတ်သက်ပြီး စိုးရိမ်နေတာမျိုး မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဒီနှစ်ဘောလုံးရာသီအစပိုင်းက ရလဒ်တွေ မကောင်းမွန်လို့ နည်းပြ အဲရစ် တန်ဟက်ဂ်ကို ရာထူးက ထုတ်ပယ်ပြီး သူ့နေရာမှာ စပို့တင်း လစ္စဘွန်းနည်းပြ အမော်ရင်နဲ့ အစားထိုး ခန့်အပ်ခဲ့ပေမယ့် နည်းပြသစ် အမော်ရင်လက်ထက်မှာလည်း အသင်းက တိုးတက်လာတာ မရှိဘဲ အခြေအနေတွေ ပိုတောင်ဆိုးလာခဲ့ရပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက်က အမော်ရင်ကို နည်းပြသစ်အဖြစ် ခန့်အပ်ပြီးနောက်ပိုင်း အာဆင်နယ် နော်တင်ဟမ် ဘုန်းမောက် ဝုလ်ဗ် နယူးကာဆယ် ဘရိုက်တန် ပဲလေ့စ် စပါးအသင်းတွေကို ရှုံးနိမ့်ခဲ့ရပြီး ပရီးမီးယားလိဂ်ရှုံးပွဲက (၈)ပွဲအထိတောင် ရှိခဲ့ပါတယ်။ အခုဆိုရင် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် (၂၅)ပွဲ ကစားလို့အပြီးမှာ ရှုံးပွဲအရေအတွက်က (၁၂)ပွဲအထိတောင် ရှိနေလို့ ဒါက (၅၁)နှစ်တာ ကာလအတွင်း အဆိုးရွှားဆုံး အခြေအနေ ဖြစ်နေရပါတယ်။

ဒီလို အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း အမော်ရင်က “ပွဲရဲ့ကွာခြားချက်က သူတို့ ဂိုးသွင်းနိုင်ခဲ့ပြီး ကျွန်တော်တို့ မသွင်းနိုင်ခဲ့တာပါပဲ။ ကျွန်တော်တို့မှာ အခွင့်အရေးတွေရှိခဲ့ပါတယ်။ ကျွန်တော့်ရဲ့အနာဂတ်အတွက် စိတ်မပူပါဘူး။ ရှုံးနိမ့်ရတာကို အရမ်းမုန်းပါတယ်။ အဲ့ဒီခံစားချက်က အဆိုးဆုံးပါပဲ။ ဒါပေမယ့် ကျွန်တော့်ရဲ့အလုပ်ကို ယုံကြည်မှုရှိပြီး ပွဲတွေအနိုင်ရချင်ရုံပါပဲ”

Photo Credit : ESPN

“ကျန်တာတွေအတွက် ကျွန်တော် မစဉ်းစားပါဘူး။ ကျွန်တော့်ကစားသမားတွေကို ကူညီဖို့ ဒီမှာရှိနေတာပါ။ ကျွန်တော့်ရဲ့ အခြေအနေ၊ ကျွန်တော့်ရဲ့ အလုပ်ကို နားလည်ပါတယ်။ ကျွန်တော့်ရဲ့ အလုပ်ကို ယုံကြည်မှုရှိပြီး ပွဲတွေ အနိုင်ရချင်ရုံပါပဲ။ ကျွန်တော့်မှာ ပြဿနာတွေ အများကြီးရှိပါတယ်။ ကျွန်တော့်အလုပ်က ဒီမှာ အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ယုံကြည်ချက်တွေကို ဆက်လက်ကိုင်စွဲသွားမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

အမော်ရင်ဟာ လက်ရှိမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၂၁)ပွဲ ကိုင်တွယ်ခဲ့ပြီးနောက် (၉)ပွဲနိုင် (၉)ပွဲရှုံး (၃)ပွဲသရေအထိ စွမ်းဆောင်နိုင်ခဲ့ကာ ယူရိုပါလိဂ်မှာတော့ (၃)ပွဲလုံး နိုင်ပွဲရအောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။ လာမယ့်တစ်ပတ်မှာတော့ ဒေးဗစ် မိုရက်စ်နဲ့ ပြန်လည် ပူးပေါင်းပြီး ရလဒ်တွေပါ ပြန်ကောင်းနေတဲ့ အဲဗာတန်နဲ့ ရင်ဆိုင်ရဦးမှာမို့ အမော်ရင်နဲ့ ယူနိုက်တက်အတွက် ခက်ခဲရဖွယ် ရှိနေပါတယ်။

Exit mobile version