မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ရူဘင် အမော်ရင်က အသင်းအပေါ် ဝေဖန်မှုတွေကို ဂရုမစိုက်ဘူးလို့ ပြောခဲ့ပေမယ့် နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာတော့ သူတို့အသင်းက အမှားတွေ အများကြီး လုပ်ခဲ့တယ်လို့ ဝန်ခံပြောဆိုသွားခဲ့အါတယ်။
မနေ့က စိန့်ဂျိမ်းစ်ပါ့ခ်မှာ မန်ယူနိုက်တက်ဟာ နယူးကာဆယ်ကို (၄)ဂိုး (၁)ဂိုးနဲ့ကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီး အိမ်ရှင်အသင်းက ယူနိုက်တက်ရဲ့ အမှားတွေကို အကြိမ်ကြိမ် အသုံးချကာ အခုလို ဂိုးပြတ် အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ အမော်ရင်ကတော့ ဒီရှုံးပွဲကို အလေးမထားသလို ပြုမူဖို့ ကြိုးစားခဲ့ပေမယ့် အသင်းက အမှားတွေ အလွန်များခဲ့တယ်လို့ ပြောခဲ့ပါတယ်။
Photo Credit : The Busby Babe
ပွဲအပြီး Premier League Productions နဲ့ အင်တာဗျူးမှာ အမော်ရင်က အခုလို ပြောခဲ့ပါတယ်။ “အမှားတွေ အများကြီးလုပ်ခဲ့တယ်။ နယူးကာဆယ်က second balls တွေမှာ ပိုသန်မာခဲ့တယ်။ ကျွန်တော်တို့ အမှားတွေ အများကြီးလုပ်ခဲ့တာက အနိုင်ရဖို့ ပိုခက်ခဲစေခဲ့တယ်။ ဒါပါပဲ။ အကုန်လုံးမှာ နည်းနည်းစီပါဝင်နေတယ်။ တစ်ခုတည်းကို ထောက်ပြဖို့ ခက်တယ်။ နယူးကာဆယ်လို ထိပ်တန်းအသင်းတွေကို အနိုင်ရဖို့ တကယ်ခက်တယ်။”
“ပြိုင်ဘက်ကို ကူညီပေးတဲ့ အမှားတွေလုပ်မိတဲ့အခါ ပိုခက်သွားတယ်။ ကြာသပတေးနေ့ပွဲကို အာရုံစိုက်ကြစို့။ ကျွန်တော်တို့ အများကြီး ပိုကောင်းအောင် လုပ်နိုင်တယ်ဆိုတာ အားလုံးမြင်နိုင်မယ်ထင်တယ်။ ကြာသပတေးနေ့ကို အာရုံစိုက်ကြမယ်။ ဒီနေ့လုပ်ခဲ့တဲ့ အမှားတွေအားလုံးကို ကြာသပတေးနေ့မှာ မလုပ်ရဘူး။” လို့ အမော်ရင်က ပြောဆိုခဲ့သလို အသင်းအပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း “ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ဂရုမစိုက်ပါဘူး။”
Photo Credit : Goal
“ပွဲရှုံးတာထက် ပိုဆိုးတဲ့အရာမရှိပါဘူး။ လူတွေက သူတို့ပြောချင်တာကို ပြောလို့ရပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့တို့ ဘာတို့ မလုပ်ချင်ပါဘူး။ ကျွန်တော်တို့ရဲ့ လိဂ်ဇယားနေရာကို ကြည့်ရင် အကုန်ပြောပြနေပါတယ်။ ကြာသပတေးနေ့ပွဲက တကယ်အရေးကြီးတယ်။ ပွဲရှုံးတာက ဒီအလုပ်ရဲ့ အခက်ခဲဆုံးအပိုင်းပဲ။ ကြာသပတေးနေ့ကို အာရုံစိုက်ကြမယ်။” လို့ ရှင်းလင်း ဖြေဆိုသွားခဲ့ပါတယ်။
အမော်ရင်ဟာ ယူနိုက်တက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၂) နေရာနဲ့ တာဝန်ယူခဲ့ပြီး အခုတော့ အဆင့်(၁၄)နေရာထိတောင် ရောက်နေပါတယ်။ ဒီရာသီဟာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးဆုံးဖြစ်လာဖို့ ရှိနေပြီး သူတို့ရဲ့ မျှော်လင့်ချက်အားလုံးဟာ ဒီရာသီမှာ ယူရိုပါလိဂ်ဖလားရဖို့အပေါ်မှာ တည်ရှိနေပါတယ်။