MySport Myanmar

ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်ဟာ အသင်းအတွက် အရေးအကြီးဆုံးပွဲ ဖြစ်လာလိမ့်မယ်လို့ အာမိုရင် ဆို

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယနေ့ ဘရန့်ဖို့ဒ်အသင်းကို သွားရောက်ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို အချိန်အတော်ကြာအတွင်း အသင်းအတွက် အရေးအကြီးဆုံးပွဲအဖြစ် နည်းပြရူဘင် အာမိုရင်က သတ်မှတ်လိုက်ပါတယ်။ သူဟာ သူ့လက်ထက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ ဆက်တိုက်နိုင်ပွဲရရှိဖို့ အသည်းအသန် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ယူနိုက်တက်ကို စတင်ကိုင်တွယ်ခဲ့ချိန်ကစပြီး အာမိုရင်ဟာ ပရီးမီးယားလိဂ်မှာ (၂)ပွဲဆက်တိုက် အနိုင်ရရှိအောင် မစွမ်းဆောင်နိုင်သေးပါဘူး။ အသင်းဟာ ပြီးခဲ့တဲ့အပတ်က ချယ်လ်ဆီးကို အနိုင်ရခဲ့တာကြောင့် အိမ်ကွင်းမှာ (၂)ပွဲဆက် နိုင်ပွဲရခဲ့ပေမယ့် အဲ့ဒီပွဲစဉ်တွေကြားမှာ မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ခြေစွမ်းတည်ငြိမ်မှုက ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြသခဲ့ပါတယ်။ ယူနိုက်တက်အသင်း နောက်ဆုံးအကြိမ် (၂)ပွဲဆက်တိုက် နိုင်ခဲ့တာက ၂၀၂၄ ခုနှစ် မေလကတည်းက ဖြစ်ပါတယ်။

Photo Credit : Sky Sports

ဆက်တိုက်နိုင်ပွဲရဖို့ ပရိသတ်တွေကြားက မယုံကြည်မှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အာမိုရင်က သူကိုယ်တိုင်လည်း ပရိသတ်တွေလိုပဲ ခံစားရကြောင်း ရိုးသားစွာ ဝန်ခံခဲ့ပါတယ်။ “ပရိသတ်တွေအတွက် ဒါက ပုံမှန်ပါပဲ။ သူတို့က နောက်ပွဲမှာ ဘာဖြစ်လာမလဲဆိုတာ မသိဘူးလေ။ လုံးဝ ရိုးရိုးသားသားပြောရရင် ကျွန်တော့်မှာ အကြံတစ်ခုတော့ ရှိတယ်။”

“ဒါပေမဲ့ တကယ်တမ်း ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း မသိဘူး။ ကျွန်တော်က အသင်းရဲ့ မန်နေဂျာလေ။ ဒါကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပွဲတိုင်းကို နောက်ဆုံးပွဲတစ်ပွဲလို သဘောထားဖို့ပါပဲ။ (၂)ပွဲဆက်တိုက်နိုင်ဖို့ကို မစဉ်းစားဘဲနဲ့ပေါ့။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Independent

အာမိုရင်က သူ့အသင်းဟာ ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ရလဒ်တွေက ခြေစွမ်းကို ထင်ဟပ်ခြင်းမရှိဘူးလို့ ယုံကြည်နေပါတယ်။ “ဆက်တိုက်နိုင်ပွဲရဖို့က တကယ်ကို အရေးကြီးပါတယ်။ ကျွန်တော်တို့မှာ ဘာပဲဖြစ်ဖြစ် နိုင်ရမယ်ဆိုတဲ့ အရေးတကြီးနိုင်ပွဲလိုချင်တဲ့ ခံစားမှုမျိုး ရှိဖို့လိုတယ်။”

“ကျွန်တော့်အတွက်တော့ ရလဒ်ကို ထိန်းချုပ်လို့မရပါဘူး။ အရေးအကြီးဆုံးကတော့ ချယ်လ်ဆီးနဲ့ပွဲ၊ ဘန်လေနဲ့ပွဲ၊ အာဆင်နယ်နဲ့ပွဲတွေမှာလို ပွဲကို မှန်မှန်ကန်ကန် စတင်နိုင်ဖို့ပါပဲ။ ဒီလိုပွဲမျိုးတွေမှာ ပွဲတိုင်းကို အနိုင်ရရမယ်ဆိုတဲ့ ခံစားချက်နဲ့ ဆန္ဒပြင်းပြမှုရှိဖို့ လိုပါတယ်” လို့ နည်းပြက အသင်းကို တိုက်တွန်းသွားခဲ့ပါတယ်။

Exit mobile version