မနေ့ညက အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ အစ်ဝစ်ချ် တောင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး အိမ်ရှင် ယူနိုက်တက်က ကစားသမား တစ်ယောက်လျော့ အနေအထားနဲ့ ခက်ခက်ခဲခဲ ကစားခဲ့ရင်း နိုင်ပွဲရရှိခဲ့ရသလို ဒီနိုင်ပွဲဟာလည်း လုံးဝ ထိုက်တန်တဲ့ နိုင်ပွဲလို့ ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်က ပြောဆိုလိုက်ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်က ခံစစ်နဲ့ ဂိုးသမားတို့ အမှားကနေ စောစောစီးစီးပဲ ဂိုးပေးလိုက်ရပြီး ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို ပြန်လည် သွင်းယူနိုင်ပြီးမှ ကစားသမားသစ် ပက်ထရစ် ဒေါ်ဂူ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသလို ပထမပိုင်း ပြီးခါနီးမှာ အိုနာနာရဲ့ လိုအပ်ချက်နဲ့ ချေပဂိုး ပေးလိုက်ရပါတယ်။
Photo Credit : Opta Analyst
ဒုတိယပိုင်း ပြန်စပြီး မိနစ်ပိုင်းအကြာမှာ မက်ဂွိုင်းယားက ထောင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး ယူနိုက်တက်အတွက် ပြန်လည် ဦးဆောင်စေခဲ့သလို အဲ့ဒီဂိုးနဲ့ပဲ အိမ်ကွင်းမှာ နိုင်ပွဲရသွားခဲ့ပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး နည်းပြအမော်ရင်က “ပွဲအစပိုင်းကတည်းက ကျွန်တော်တို့ဟာ ပွဲကို ထိန်းချုပ်ပြီး ကစားနိုင်ခဲ့ပါတယ်။ ကစားသမားတွေလည်း ကြိုးစားပြီး ကစားနေတယ်လို့ ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့ နှစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။”
“ထုတ်ပယ်ခံရမှုက ပွဲကို နည်းနည်း ပြောင်းလဲစေခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေဆီက ရလာတဲ့ အားပေးမှုတွေက ကျွန်တော်တို့ကို အများကြီး ကူညီပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အနိုင်(၃)မှတ်နဲ့ လုံးဝ ထိုက်တန်ပါတယ်။ တကယ်ကို ခက်ခဲတဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက ဘယ်ပရော်ဖက်ရှင်နယ်မှာမဆို ဒါက သဘာဝပါပဲ။ ဒါကို သင် ခံစားရပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Reuters
ဒါ့အပြင် ဒီပွဲမှာ ပထမဆုံး ပေးဂိုးအတွက် အမှားမကငး်ခဲ့သလို ကိုယ်တိုင်ပါ အနီကတ်ပြခံခဲ့ရတဲ့ ဒေါ်ဂူနဲ့ ပတ်သက်ပြီးတော့လည်း အမော်ရင်က “ကစားသမားတွေက ဒီနေ့ ပက်ထရစ်လို အမှားမျိုး လုပ်နိုင်ပါတယ်။ သူ အခုလို ထုတ်ပယ်ခံလိုက်ရတာက ဘောလုံးကို ကစားချင်လို့ပါ။ သူက ပရီးမီးယားလိဂ်အတွက် အဆင်သင့် ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ အပတ်က အဲဗာတန်နဲ့ ပွဲစဉ်မှာလည်း ခြေစွမ်းကောင်း ပြသခဲ့ပါတယ်။”
“ဗုဒ္ဓဟူးနေ့မှာ ဘောလုံး ဝေဖန်သူတွေက သူ့ကို ပရီးမီးယားလိဂ်အတွက် အတွေ့အကြုံ မလုံလောက်သေးဘူးလို့ ပြောကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီလို မခံစားရပါဘူး။” လို့ ရှင်းလင်း ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်က အခုလို (၁၀)ယောက်တည်းနဲ့ နိုင်ပွဲရလိုက်တဲ့တာကြောင့် အမော်ရင်အတွက် ဖိအား အနည်းငယ် လျော့ကျသွားခဲ့ရပါတယ်။