မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ရူဘင် အမော်ရင်က ယူနိုက်တက်အသင်းဟာ တော့တင်ဟမ် ဟော့စပါးအသင်းထက် ပိုမိုကြီးမားသော ကလပ်အသင်းဖြစ်ပြီးတော့ သူဟာလည်း စပါးနည်းပြ အန်ဂီ ပိုစတီကိုဂလူးထက် ဖိအားဒဏ်တွေ ပိုခံနေရတယ်လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်နဲ့ စပါးတို့က ဒီရာသီမှာ နှစ်သင်းလုံး ရုန်းကန်နေကြရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာလည်း ယူနိုက်တက်က ရမှတ်(၂၉)မှတ်နဲ့ အဆင့်(၁၃) စပါးကလည်း ရမှတ်(၂၇)မှတ်နဲ့ အဆင့်(၁၄)နေရာတွေမှာ အသီးသီး ရပ်တည်နေကြရပါတယ်။ အသင်းနှစ်သင်းအပြင် ဒီအသင်းတွေရဲ့ နည်းပြတွေဟာလည်း လက်ရှိအချိန်မှာ အတော်လေး ရုန်းကန်နေရပါတယ်။
Photo Credit : Sky Sports
အမော်ရင်ထက် စပါးနည်းပြ ပိုစတီကိုဂလူးက လက်ရှိအချိန်မှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့အထိတောင် ရုန်းကန်နေရတာဖြစ်ပြီးတော့ ဒီအခြေအနေနဲ့ ကြုံတွေ့နေရတဲ့ ပိုစတီကိုဂလူးကို ကိုယ်ချင်းစာမိပေမယ့် တကယ်တမ်းမှာ စပါးနည်းပြကြီးထက် သူက ပိုပြီးတော့ကို ဖိအားဒဏ် ခံနေရတယ်လို့ အမော်ရင်က ဖွင့်ဟလိုက်ပါတယ်။
“ကျွန်တော်က အန်ဂီ ပိုစတီကိုဂလူးရဲ့ အမာခံ ပရိသတ်တစ်ယောက်ပါ။ ကျွန်တော်နဲ့ အန်ဂီကြားက ဆက်သွယ်မှုကို နားလည်နိုင်ပါတယ်။ ကျွန်တော်တို့မှာ တူညီတဲ့ ပြဿနာတွေရှိပါတယ်။ လေးစားစွာနဲ့ပြောရရင် ကျွန်တော်က ဖိအားပိုကြီးတဲ့ ပိုကြီးတဲ့ ကလပ်မှာ ရှိနေပြီး ဒီမူဝါဒတွေအားလုံးကို လိုက်နာဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။”
Photo Credit : Eurosport
“သူက လူကောင်းတစ်ယောက်ပါ။ အရမ်းကောင်းတဲ့ နည်းပြတစ်ယောက်ပါ။ ပြီးတော့ မှန်ကန်တဲ့ နည်းလမ်းနဲ့ ဘောလုံးကစားချင်ပါတယ်။ ဒါဟာ အရမ်းကောင်းတဲ့အရာပါ။ ဒီလိုအလုပ်မျိုးကို ရွေးချယ်တဲ့အခါ ဒါဟာ ကောင်းတဲ့အရာလို့ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် နိုင်ပွဲမရတဲ့အခါ အဲဒီဖိအားကို ခံစားရမှာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်နဲ့ တန်းဆင်းဇုန်ထဲမှာ ရပ်တည်နေတဲ့ အသင်းတို့ကြားမှာ ရမှတ်(၁၂)မှတ် ကွာဟနေပေမယ့် အမော်ရင်ကတော့ တန်းဆင်းရမယ့် အန္တရာယ်က အမှန်တကယ်ရှိတယ်လို့ ယုံကြည်ပြီး ဒီအခြေအနေမှာ သူ့ကစားသမားတွေအနေနဲ့ တန်းဆင်းအန္တရာယ်ကနေ လုံခြုံနေတယ်လို့ အထင်မမှားဖို့ သတိပေးလိုက်ပါတယ်။