MySport Myanmar

ယူရိုပါလိဂ် ဗိုလ်လုပွဲမတိုင်မီ ယူနိုက်တက်ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို အမော်ရင် ကျေနပ်

မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ရူဘင် အမော်ရင်က ချယ်လ်ဆီးအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ သူ့အသင်းဟာ ယှဉ်ပြိုင်နိုင်စွမ်းရှိခဲ့တယ်လို့ ယုံကြည်ကြောင်းနဲ့ လာမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမတိုင်မီ အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် စိတ်ကျေနပ်မှုရှိကြောင်း ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ လာမယ့် ကြားရက်မှာ စပါးနဲ့ ယူရိုပါလိဂ် ဖိုင်နယ်ပွဲ ကစားဖို့ ရှိနေပေမယ့်လည်း ချယ်လ်ဆီးကို လူစုံနီးပါးနဲ့ ရင်ဆိုင်သွားခဲ့ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ပွဲစဉ်ထဲ မာ့ခ် ကူကူရယ်လာရဲ့ (၇၁)မိနစ် ခေါင်းတိုက်ဂိုးနဲ့ ယူနိုက်တက်တို့ ရှုံးနိမ့်ခဲ့ပေမယ့် ပထမပိုင်းမှာ ဟယ်ရီ မက်ဂွိုင်းယား သွင်းယူခဲ့တဲ့ဂိုးကို VAR က လူကျွံဘောအဖြစ် ပယ်ချခဲ့သလို ပွဲချိန်နောက်ပိုင်းမှာ မေဆန်မောင့် ကန်သွင်းချက်လည်း ဂိုးဘေး နည်းနည်းလေးသာ ချော်ထွက်သွားခဲ့တဲ့အပြင် အာမတ် ဒီယာယို ကန်သွင်းတာကိုလည်း ချယ်လ်ဆီး ဂိုးသမား ရောဘတ် ဆန်းချက်ဇ် ကာကွယ်ခဲ့ရပါတယ်။

Photo Credit : CNN

ဒါပေမဲ့ စုစုပေါင်း ကန်သွင်းချက် ၅ ကြိမ်ကနေ ယူနိုက်တက်ရဲ့ ခန့်မှန်းခြေဂိုး (Expected Goals – xG) က ၀.၄ သာ ရှိခဲ့တာဟာ ပရီးမီးယားလိဂ်မှာ သူတို့ရဲ့ ရလဒ်ဆိုးတွေထဲက နောက်ထပ် စိတ်ပျက်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဒါဟာ ယူနိုက်တက်တို့ရဲ့ လိဂ်ရှုံးပွဲ (၁၈)ပွဲမြောက်ဖြစ်ပြီး ၁၉၇၃-၇၄ ရာသီ (အသင်း တန်းဆင်းခဲ့ရတဲ့ နောက်ဆုံးရာသီ) က ရှုံးပွဲ(၂၀) အပြီး တစ်ရာသီအတွင်း ရှုံးပွဲအများဆုံး မှတ်တမ်းလည်း ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်နည်းပြ အမော်ရင်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ စပါးနဲ့ ကစားရမယ့် ရာသီကို အဆုံးအဖြတ်ပေးမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမတိုင်မီ အံ့အားသင့်စရာကောင်းလောက်အောင် အကောင်းမြင်စိတ်ရှိနေခဲ့ပါတယ်။ “ကျွန်တော်တို့ ပွဲကို ကောင်းကောင်း စတင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တိုက်စစ်ပိုင်းမှာတော့ နည်းနည်း ပိုပြီး ပြင်းထန်ဖို့ လိုအပ်ခဲ့တယ်။ ကျွန်တော်တို့ အဲဒီနေရာမှာ ရှိခဲ့တယ်။ ပွဲကို မှန်ကန်တဲ့ပုံစံနဲ့ ရင်ဆိုင်ခဲ့ပါတယ်။”

Photo Credit : Sky Sports

“ဒီနေ့တော့ ကံဆိုးခဲ့တယ်လို့ ပြောရမှာပေါ့။ တစ်ခါတလေ ကျွန်တော်တို့ ဖိအားပေးချင်တယ်။ ဂိုးသွင်းချင်တယ်၊ ဒါပေမဲ့ အာရုံစူးစိုက်မှု နည်းနည်း လျော့သွားခဲ့တယ်။ မတူညီတဲ့ ပွဲတစ်ပွဲပါပဲ။ ဒါပေမဲ့ ရှုံးတဲ့အခါ ဘယ်သူမှ မကြိုက်ပါဘူး။ ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်ခဲ့တယ်ဆိုတာ ရှင်းပါတယ်။”

“ကျွန်တော်တို့ ပြိုင်ပွဲတစ်ခုချင်းစီအတွက် ပြင်ဆင်ရမယ်။ (၅)ရက် အနားယူချိန် ရှိတယ်။ ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် ပြင်ဆင်ရမယ်။ (၂)ရက် ပြန်လည်အားဖြည့်ဖို့နဲ့ နောက်(၂)ရက် ပြင်ဆင်ဖို့ပါ။ နောက်ဆုံးမှာတော့ ကစားသမားအားလုံးကို ကြည့်လိုက်တဲ့အခါ သူတို့ အဆင်ပြေကြတယ်လို့ ထင်ပါတယ်။ ဟုတ်ပါတယ် ဗိုလ်လုပွဲကို ရောက်လို့ စိတ်လှုပ်ရှားနေကြပါတယ်။ ပထမဆုံးနေ့ကတည်းက ဖိအားတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဖိအားနဲ့ ကောင်းကောင်း နေသားကျနေပါပြီ။ ဘယ်ဖလား ဗိုလ်လုပွဲဖြစ်ဖြစ် ကျွန်တော်တို့ ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်” လို့ အမော်ရင်က ပြောကြားခဲ့ပါတယ်။

Exit mobile version