MySport Myanmar

သူ့အသင်းက မလိုအပ်ဘဲ ခက်ခဲအောင် လုပ်ခဲ့တယ်လို့ အာမိုရင် ညည်းတွား

မနေ့က ချယ်လ်ဆီးအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ မန်ချက်စတာ ယူနိုက်တက်နည်းပြ ရူဘင် အာမိုရင်က သူ့အသင်းဟာ လွယ်ကူသင့်တဲ့ပွဲတစ်ပွဲကို မလိုအပ်ဘဲ ခက်ခဲအောင် လုပ်ခဲ့တယ်လို့ ဆိုလိုက်ပြီး ကျွန်တော်တို့နဲ့ဆို အမြဲတမ်း ရှုပ်ထွေးနေရတာပဲလို့ ညည်းတွားပြောကြားလိုက်ပါတယ်။

ဒီပွဲစဉ်မှာ ယူနိုက်တက်တို့ ပွဲစပြီး (၅)မိနစ်မှာပဲ တစ်ယောက်အသာရခဲ့ပါတယ်။ ချယ်လ်ဆီးဂိုးသမား ရောဘတ် ဆန်းချက်ဇ်ဟာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ဒါဟာ ချယ်လ်ဆီးအသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ အစောဆုံးအနီကတ်ပြခံရတဲ့ မှတ်တမ်းလည်း ဖြစ်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဘရူနို ဖာနန်ဒက်စ်က ယူနိုက်တက်အတွက် သူ့ရဲ့ဂိုး (၁၀၀)ပြည့်မြောက်အောင် သွင်းယူပေးခဲ့ပြီးနောက် ကက်စ်မဲရိုးက ဒုတိယဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ ပထမပိုင်းမပြီးခင်မှာပဲ ကက်စ်မဲရိုးကိုယ်တိုင်လည်း ဒုတိယအဝါကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ယူနိုက်တက်တို့ ဒုတိယပိုင်းမှာ ရင်တမမနဲ့ ဖြတ်သန်းခဲ့ရပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲရဲ့ ပထမပိုင်းအတွင်းမှာ နှစ်သင်းစလုံး အနီကတ်ပြခံရတဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ခဲ့ပါတယ်။

ဒီရာသီရဲ့ ဒုတိယမြောက်နိုင်ပွဲအတွက် အသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ဂုဏ်ယူပေမယ့် ပွဲကို ဒီထက်ပိုလွယ်ကူအောင် ကစားနိုင်ခဲ့သင့်တယ်လို့ အာမိုရင်က ဝန်ခံခဲ့ပါတယ်။ “နိုင်ပွဲတိုင်းက အရေးကြီးပါတယ်၊ အထူးသဖြင့် ဒီလိုအချိန်မျိုးမှာပေါ့။ ကျွန်တော်တို့ ပွဲကို မှန်မှန်ကန်ကန် စတင်နိုင်ခဲ့တယ်။ အရမ်းကြိုးစားခဲ့တယ်။ အနီကတ်က ပွဲကိုစိုးမိုးနိုင်ဖို့ ကူညီပေးခဲ့ပေမယ့် အဲ့ဒီမတိုင်ခင်ကတည်းက ကျွန်တော်တို့ ကောင်းနေခဲ့ပြီးသားပါ” လို့ BBC Sport ကို ပြောကြားခဲ့ပါတယ်။

Photo Credit : The Independent

“ကျွန်တော်တို့ နှစ်ဂိုးသွင်းပြီးတဲ့နောက်မှာတော့ ကိုယ့်ပွဲကိုယ် ပြန်ရှုပ်အောင် ကြိုးစားခဲ့ကြပြန်ရော။ ကျွန်တော်တို့နဲ့ဆို အမြဲတမ်း ရှုပ်ထွေးနေရတာပဲ။ ဒီပွဲက ဒီလိုမဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို ကျေနပ်အောင်လုပ်ဖို့က လွယ်ပါတယ်။ အစွမ်းကုန်သာပေးဆပ်လိုက်ရင် သူတို့ အားပေးမှာပဲ။ ဒါကို ကျွန်တော်တို့ ကစားသမားတွေ နားလည်ဖို့လိုတယ်။

“ပရိသတ်တွေရဲ့ အားပေးမှုကိုရဖို့ ကျွန်တော်တို့ လုပ်ရမှာက ပြေးလွှားဖို့၊ တိုက်ခိုက်ဖို့၊ ဘောလုံးလုဖို့ပါပဲ။ ဒီနိုင်ပွဲကြောင့် ရတဲ့ ခံစားချက်ကောင်းတွေကို မေ့ထားပြီး နောက်ပွဲကို မဖြစ်မနေနိုင်ရမယ်ဆိုတဲ့ အရေးတကြီးခံစားမှုနဲ့ ပြန်လည်ပြင်ဆင်ရပါမယ်။” လို့ နည်းပြက အသင်းကို သတိပေးသွားခဲ့ပါတယ်။

Exit mobile version