မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ရူဘင် အမော်ရင်က သူတို့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ခွင့် မရရင်တောင် ကမ္ဘာ့ထိပ်တန်း ကစားသမားတွေကို ဆွဲဆောင်နိုင်တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၁၄)နေရာနဲ့ ရပ်တည်နေပြီး အဆင့်(၄)နေရာက မန်ချက်စတာ စီးတီးအသင်းနဲ့လည်း ရမှတ် (၁၄)မှတ်အထ်တောင် ကွာဟနေပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက် ယူရိုပါလိဂ်ဖလား ရယူနိုင်ဖို့ လိုအပ်နိုင်ပေမယ့် အမော်ရင်ကတော့ ဆုဖလားရယူတာဟာ အသင်းတွက် အဓိက ဦးစားပေးမဟုတ်ဘဲ လိဂ်အဆင့်ကို ပြန်လည် တည့်မတ်ကသာ ပိုအရေးကြီးတယ်လို့ ဆိုလိုက်ပါတယ်။

Photo Credit : Goal

အမော်ရင်က ယူနိုက်တက်ဟာ ချန်ပီယံလိဂ်မှာ မပါဝင်ရရင်တောင် ကမ္ဘာ့အဆင့် ကစားသမားတွေကို ဆက်လက် ဆွဲဆောင်နိုင်တယ်လို့ ယုံကြည်ထားပြီး ယူရိုပါလိဂ်ကို ရယူလိုက်နိုင်ရင်တော့ လာမယ့်ရာသီအတွက် အသင်းရဲ့ အရာအားလုံးကို ပြောင်းလဲနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။ သူတို့အသင်းဟာ ယူရိုပါလိဂ် (၁၆)သင်းအဆင့်မှာ ဆိုစီဒက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ပထမအကျော့ကို ဒီနေ့ည စပိန်မှာ ကစားရမှာ ဖြစ်ပါတယ်။

အမော်ရင်က “ဒါ(ယူရိုပါလိဂ်ဖလားကို ရရှိတာ)ဟာ အသင်းရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ အချက်မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါက ကျွန်တော့်အမြင်ပါ။ ကျွန်တော် ဒီအသင်းမှာ (၃)လတောင် ရှိခဲ့ပြီးတော့ ဒါက ရှင်းတယ်လို့ ထင်တယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့ရဲ့ ဒီရာသီအတွက် ကြီးမားတဲ့ ကွာခြားမှုတစ်ခု ဖြစ်မယ်ဆိုတာ နားလည်ပါတယ်။”

Photo Credit : Goal

“အထူးသဖြင့် ဖလားပွဲတွေကနေ ထွက်ခဲ့ရပြီး လိဂ်မှာ ဆိုးရွားတဲ့ အဆင့်မှာ ရှိနေတာကြောင့် ဒါက အရာများစွာကို ပြောင်းလဲနိုင်တယ်။ နည်းပြအပေါ်မှာတောင် သူတို့ရဲ့အမြင်ကိုပါ ပြောင်းလဲသွားစေနိုင်တယ်။ ဒါက ကြီးမားတယ်ဆိုတာ သိပေမယ့် ထပ်ပြောပါမယ် မန်ချက်စတာ ယူနိုက်တက်ဟာ အနာဂတ်မှာ ချန်ပီယံလိဂ် မပါဝင်ရင်တောင် အကောင်းဆုံး ကစားသမားတွေကို ဆွဲဆောင်နိုင်ပါသေးတယ်။”

“ကျွန်တော်တို့ ပြောင်းလဲရမယ့် အရာတွေ အများကြီး ရှိတယ်။ အဲဒါကို ကြိုးစားနေပါတယ်။ အခုအချိန်မှာ ဖလားတွေ အနိုင်ရတာထက် ပိုအရေးကြီးတဲ့ အရာတွေ ရှိတယ်လို့ ကျွန်တော် ခံစားရတယ်။ ဒါပေမယ့် ယူရိုပါလိဂ်ကို အနိုင်ရတာက လာမယ့်ရာသီမှာ ကျွန်တော်တို့အတွက် အရာအားလုံးကို ပြောင်းလဲနိုင်တယ်ဆိုတာ နားလည်ပါတယ်။” လို့ ပြောလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဒီညမှာ ရီးယဲလ် ဆိုစီဒက်နဲ့ ကစားရမှာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာတော့ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာပါ။