မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ရူဘင် အမော်ရင်က ရာသီကုန်မှာ နည်းပြရာထူးကနေ နုတ်ထွက်ဖွယ် ရှိနေတယ်ဆိုတဲ့ သတင်းများကို ငြင်းဆန်လိုက်ပြီး အသင်းမှာပဲ ဆက်ရှိနေမှာဖစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ လက်ရှိစွမ်းဆောင်ရည်အပေါ် ပြင်းထန်စွာ ဝေဖန်ပြောကြားခဲ့မှုများကိုမူ မှန်ကန်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ ၀-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁၆)ဆီ ကျဆင်းသွားခဲ့ပါတယ်။ ဒီပွဲအပြီးမှာ အမော်ရင်က “ဒါဟာ ကစားသမားတွေရဲ့အမှားမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့အမှားပါ။ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဒီအခြေအနေကို အမြန်ဆုံး မပြောင်းလဲနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့နေရာကို တခြားသူတွေကို တာဝန်ပေးသင့်ပါတယ်။”လို့ ပြောကြားခဲ့သောကြောင့် ရာထူးကနေ နုတ်ထွက်ဖွယ် ရှိနိုင်တယ်ဆိုပြီး သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။
Photo Credit : talkSPORT
ဒါပေမယ့်လည်း လာမယ့်တစ်ပတ်မှာ ကစားမယ့် တော့တင်ဟမ် ဟော့စပါးအသင်းနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲအကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ အမော်ရင်က “ကျွန်တော်ပြောချင်တာက ကျွန်တော်ဒီကိုရောက်လာကတည်းက စံချိန်စံညွှန်းတွေအကြောင်း အမြဲပြောခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ အသင်းရဲ့ရလဒ်တွေဆိုးရွားနေတာကိုတွေ့ရပြီး တာဝန်မယူဘဲ နေလို့မရပါဘူး။ ကျွန်တော် ရာထူးကထွက်ဖို့ အဝေးကြီးလိုပါသေးတယ်။ ကျွန်တော်တို့ စွမ်းဆောင်ရည်ကောင်းအောင် လုပ်ဖို့လိုတယ် မဟုတ်ရင် အသင်းတာဝန်ရှိသူများက ကျွန်တော်တို့ကို အပြောင်းအလဲလုပ်လိမ့်မယ်။ ဒါက သာမန်အခြေအနေပါပဲ။” လို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။
အမော်ရင်က ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် သူရဲ့နည်းပြအဖွဲ့ဝင်များနဲ့ မိသားစုဝင်များ စပိန်နိုင်ငံ၊ ဘီလ်ဘာအိုမြို့ဆီ သွားရောက်နိုင်ဖို့အတွက် ကိုယ်ပိုင်ငွေကြေးနဲ့ အကုန်အကျခံမှာဖြစ်ကြောင်းလည်း အတည်ပြုခဲ့သည်။ “ကျွန်တော်တို့မှာ အပြောင်းအလဲတွေ အများကြီး ရှိနေပါတယ်။ ဝန်ထမ်းတွေ ထွက်ခွာတာတွေ အပြောင်းအလဲတွေများတော့ ဘယ်အချိန်မှာ ပေးသင့်တယ် ဘယ်အချိန်မှာ ယူသင့်တယ် အလုပ်က ထွက်သွားတဲ့ သူတွေကို လေးစားဖို့ ပြန်လည်တည်ဆောက်ဖို့ စတဲ့ ကိစ္စတွေက ခက်ခဲပါတယ်။”
Photo Credit : Football365
“ကလပ်အသင်းအနေနဲ့ တခြားဝန်ထမ်းတွေကို ကူညီဖို့က ရှုပ်ထွေးတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါကြောင့် အဲ့ဒီအချိန်မှာ ကျွန်တော့်ရဲ့တုံ့ပြန်မှုက ကူညီဖို့ပါပဲ။ ဒါက ကျွန်တော့်ဘဝကို ပြောင်းလဲသွားစေမှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ ကစားသမားတွေနဲ့ စကားပြောဖြစ်တော့ သူတို့လည်း ဒီလိုပဲတုံ့ပြန်ခဲ့ကြတယ်။ အားလုံးက ဝန်ထမ်းတွေနဲ့ သူတို့ မိသားစုဝင်တွေ ဗိုလ်လုပွဲမှာ ရှိနေစေချင်ကြပါတယ်။” လို့ အမော်ရင်က ရှင်းပြခဲ့ပါတယ်။
အမော်ရင်က ယူရိုပါလိဂ်ဖလား ကိုင်မြှောက်ရခြင်းထက် အဲ့ဒီဖလား ရယူပြီဒ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေးက ပိုအရေးကြီးကြောင်း ရှင်းပြခဲ့ပါတယ်။ “ကျွန်တော့်အတွက်တော့ ချန်ပီယံလိဂ်က အရာအားလုံးအတွက် ပိုအရေးကြီးပါတယ်။ နောက်ရာသီအတွက် ပြင်ဆင်ဖို့ပါ။ ကျွန်တော်တို့က ချန်ပီယံလိဂ်မှာ ရှိနေသင့်တဲ့ အသင်းပါ။ ဒီမှာ ယူရိုပါလိဂ်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ဒီခံစားချက်ကို ဒီမှာ ခင်ဗျားတို့လည်း ခံစားရမှာပါ။ နှစ်အနည်းငယ်အတွင်း ထိပ်တန်းအဆင့်ကိုရောက်ဖို့ ကျွန်တော်တို့ကို အကောင်းဆုံး ကူညီပေးနိုင်မယ့်အရာက ချန်ပီယံလိဂ်ပါ။ ဖလားမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော့်အတွက် ချန်ပီယံလိဂ်က ပိုအရေးကြီးပါတယ်” လို့ အမော်ရင်က ပြောဆိုခဲ့ပါတယ်။