မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရူဘင် အမော်ရင်က အသင်းရဲ့ ပင်တိုင် ဂိုးသမား အန်ဒရေ အိုနာနာကို ဒီနေ့မှာ ကစားရမယ့် နယူးကာဆယ်နဲ့ ပွဲစဉ်အတွက် အသင်းလူစာရင်းအတွင်း ထည့်သွင်းခြင်း မရှိဘဲ အနားပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အိုနာနာဟာ အေဂျက်စ်နဲ့ အင်တာမီလန်တို့မှာ လက်စွမ်းကောင်းတွေ ပြသခဲ့တာကြောင့် အရည်အချင်းရှိတဲ့ ဂိုးသမားတစ်ဦးအဖြစ် ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပေမယ့် ယူနိုက်တက်မှာတော့ အမှားအယွင်းတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ မကြာသေးမီက ကင်မရွန်းသားဟာ လိုင်ယွန်နဲ့ပွဲမှာ တာဝန်မကျေပွန်ခဲ့ဘဲ ပြင်သစ်အသင်းကိုလည်း အထင်သေးတဲ့ စကားတွေပြောပြီး နီမန်ဂျာ မာတစ်နဲ့ပါ စကားများခဲ့ပြီးနောက် အမှား(၂)ခုကို ကျူးလွန်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီလို အမှားကျူးလွန်ခဲ့တဲ့ အိုနာနာဟာ နယူးကာဆယ်နဲ့ပွဲစဉ်မှာ ယူနိုက်တက်ရဲ့ အသင်းလူစာရင်းကနေ ချန်လှပ်ခံရနိုင်တယ်လို့ သတင်းအများအပြားက ဖော်ပြပါတယ်။ Manchester Evening News ကတော့ ယူနိုက်တက်နဲ့ အမော်ရင်တို့ဟာ အိုနာနာကို အခွင့်အရေး အနည်းငယ်ပေးခဲ့ပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မတိုင်ခင် ဂိုးသမားကို အချိန်အနည်းငယ် အနားပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။

သတင်းတွေအရ ကင်မရွန်းသားရဲ့ဇနီးဖြစ်သူ မယ်လန်နီ ကာမာယိုဟာ ချက်ရှိုင်းယားမှာရှိတဲ့ အယ်လ်ဒါလီ အက်ဂျ်ရွာမှာ သူခိုးတစ်ယောက်က သူမဆီကနေ ပေါင်သောင်းချီတန်ဖိုးရှိတဲ့ Rolex နာရီနဲ့ ဒီဇိုင်နာ လက်ကိုင်အိတ်တွေကို လုယက်သွားခဲ့ပြီးနောက် စိတ်ထိခိုက်နေတယ်လို့ သိရပါတယ်။

Photo Credit : United in Focus

The Times ရဲ့ အဆိုအရ ယူနိုက်တက်နည်းပြ အမော်ရင်ဟာ အိုနာနာနဲ့ သူ့မိသားစုကို ထိခိုက်စေခဲ့တဲ့ အခြေအနေကို သတိထားမိပြီး သူတို့အပေါ်မှာလည်း စာနာထောက်ထားနေပါတယ်။ ဒါကြောင့်လည်း သူဟာ သူ့ရဲ့ဂိုးသမားကို စိတ်ကို ရှင်းလင်းစေဖို့အတွက် အချိန်အနည်းငယ် အနားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းမှာ အိုနာနာရဲ့ အသင်းဖော်အများအပြားက သူ့ရဲ့ အမှားများတဲ့ ဒီရာသီ စွမ်းဆောင်ရည်များကြောင့် သူ့ကို အနားပေးဖို့ ဆန္ဒရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။

အိုနာနာကို လိုင်ယွန်နဲ့ ကစားမယ့် အရေးကြီးတဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာပါ အမော်ရင်က ပွဲမထုတ်ဘဲ ချန်ထားနိုင်တယ်လို့ သတင်းတွေက ဖော်ပြနေပေမယ့် ကင်မရွန်းသားဟာ အဲဒီပွဲမှာ ဂိုးသမားအဖြစ် ပါဝင်ကစားမှာလား ဆိုတာကိုတော့ သေချာ မသိရသေးပါဘူး။