မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ရူဘင် အမော်ရင်က ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုကျော့ပွဲမှာ လိုင်ယွန်ကို Comeback ရလဒ်နဲ့ အနိုင်ရဖို့ နောက်ကျဂိုးတွေ သွင်းခဲ့တဲ့ ကိုဘီ မိန်းနူးနဲ့ ဟယ်ရီ မက်ဂွိုင်းယားတို့ကို တိုက်စစ်မှာ အသုံးပြုခဲ့တဲ့ သူ့ရဲ့ တွေးခေါ်မှုနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။
ကွင်းလယ်ကစားသမားလေး မိန်းနူးဟာ နည်းပြအမော်ရင် အသင်းကို ရောက်လာကတည်းက ပုံစံမတည်ငြိမ်မှုနဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပေမယ့် ပွဲပြီးခါနီး တိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုင်လန်း ဒဏ်ရာရသွားချိန်မှာ သူ့ကို တိုက်စစ်မှာ အသုံးပြုခဲ့ပါတယ်။ အမော်ရင်က မိန်းနူးရဲ့ နေရာကျဉ်းထဲမှာ ထူးချွန်မှုကို ချီးကျူးပြီ မိန်းနူးဟာလည်း အသင်းအတွက် အရေးပါတဲ့ (၄)ဂိုးမြောက် ဂိုးကိုပါ လှပတဲ့ အဆုံးသတ်နဲ့ သွင်းယူခဲ့ပါတယ်။
Photo Credit : Sky Sports
အနိုင်ရဖို့ အဆုံးအဖြတ်ပေးခဲ့တာကတော့ နောက်ခံကစားသမား မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်ဂိုးပါ။ အမော်ရင်က ဒီခံစစ်မှူးကို ပွဲပြီးခါနီး မိနစ်ပိုင်းမှာ တိုက်စစ်ပိုင်းဆီ ပို့လိုက်တဲ့ အကြောင်းအရင်းဟာ သိသာ ထင်ရှားခဲ့ပြီး မက်ဂွိုင်းယားရဲ့ လေထဲမှာ အသာစီးယူပြီး ဂိုးသွင်းနိုင်စွမ်းကြောင့် အခုလို အသုံးပြုခဲ့တာလို့ အမော်ရင်က ဆိုခဲ့ပါတယ်။
ပွဲအပြီးမှာ အမော်ရင်က “ကျွန်တော်တို့ ဟယ်ရီ မက်ဂွိုင်းယားကို တိုက်စစ်မှာ ထားဖို့ ကြိုးစားခဲ့တယ်။ ဘာလို့ဆိုတော့ သူက ခေါင်းတိုက်ဂိုးနဲ့ သွင်းနိုင်တဲ့ တစ်ဦးတည်းသောသူမို့ပါ။ ကိုဘီ မိန်းနူးက ဒဏ်ရာကြောင့် အခုအချိန်မှာ အရှိန်နည်းနည်း နည်းနေပေမယ့် နေရာကျဉ်းထဲမှာဆိုရင် သူက အရမ်းထူးချွန်တယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : SportsCenter ESPN
ဒီအနိုင်ရမှုကြောင့် ယူနိုက်တက်ဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ လာလီဂါကလပ် ဘီလ်ဘာအိုအသင်းနဲ့ ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။ ပထမအကျော့ ပွဲစဉ်ကို မေလ (၁)ရက်နေ့ ဘီလ်ဘာအိုမှာ ကစားရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ တစ်ပတ်အကြာ အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားရမှာပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အမော်ရင်ရဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး ဒီပွဲပြီးရင် တစ်ပတ်အကြာမှာ ဘုန်းမောက်နဲ့ ဆက်ကစားရဦးမှာ ဖြစ်သလို အဲ့ဒီပွဲပြီးသွားရင်တော့ ဘီလ်အာအိုနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပကျော့အဖြစ် စပိန်နိုင်ငံမှာ ကစားသွားရမှာပဲ ဖြစ်ပါတယ်။