ပေါ်တူဂီ နာမည်ကြီးကလပ် စပို့တင်း လစ္စဘွန်းရဲ့ နည်းပြချုပ် ဖြစ်သူ အမိုရင်က သူတို့အသင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ အနာဂတ် မတည်မငြိမ် ဖြစ်နေတဲ့ ကြယ်ပွင့် ကစားသမားဟောင်း ခရစ္စတီယာနို ရိုနယ်ဒိုကို ပြန်လည် ခေါ်ယူဖို့ အစီအစဉ် မရှိသလို သူတို့အသင်းအနေနဲ့ ရိုနယ်ဒိုရဲ့ မြင့်မားတဲ့ လုပ်ခလစာ ပမာဏကို ပေးချေဖို့ မတတ်နိုင်ဘူးလို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက စပို့တင်း လစ္စဘွန်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကမ္ဘာ့ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်ပြီး စပို့တင်း လစ္စဘွန်းရဲ့ ပရိသတ်တွေကလည်း ရိုနယ်ဒိုကို သူတို့အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး အဖြစ် သတ်မှတ်ထားပါတယ်။

Photo Credit: Goal

ရိုနယ်ဒိုဟာ လူငယ်ကြယ်ပွင့် ကစားသမား တဦး အရွယ်ထဲက စပို့တင်း လစ္စဘွန်းကို စွန့်ခွာခဲ့သူ ဖြစ်ပေမယ့် အမြဲတမ်းလိုလို စပို့တင်း လစ္စဘွန်းရဲ့ အကြောင်းတွေကို ပြောလေ့ ရှိသလို စပို့တင်း လစ္စဘွန်းရဲ့ ပရိသတ်တွေက ရိုနယ်ဒိုကို အသင်းရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ကာ ဘယ်အသင်းရောက်ရောက် လိုက်လံ အားပေးလေ့ ရှိပါတယ်။

ဒါကြောင့်ပဲ ရိုနယ်ဒို တယောက် မန်ချက်စတာ ယူနိုက်တက်နဲ့ အနာဂတ် မတည်မငြိမ် ဖြစ်နေချိန်မှာ စပို့တင်း လစ္စဘွန်းဟာ ရိုနယ်ဒိုကို ခေါ်ယူတော့မယ် ဆိုတဲ့ သတင်းတွေ ခပ်ကျယ်ကျယ် ထွက်ပေါ်လာခဲ့ပြီး စပို့တင်း လစ္စဘွန်းရဲ့ နည်းပြချုပ် ဖြစ်သူ အမိုရင်ကတော့ သူတို့အသင်းဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ အစီအစဉ် မရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

အမိုရင်က – “ရိုနယ်ဒိုက ထိပ်တန်း ကစားသမား တယောက်ပါ။ ဒါပေမယ့် အခုချိန်မှာ သူက မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမား တဦး အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် သတင်းထောက်တွေ အားလုံးရဲ့ မေးခွန်း ဖြစ်တဲ့ ရိုနယ်ဒိုကို ပြန်ခေါ်မလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး သူဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားပါလို့ပဲ ပြန်ဖြေချင်ပါတယ်။ စပို့တင်း လစ္စဘွန်းမှာ ရှိနေတဲ့ လူတိုင်းက ရိုနယ်ဒိုကို အသင်းဆီ ပြန်ခေါ်ဖို့ စိတ်ကူးအိမ်မက် ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ သူ့ကို ခေါ်ဖို့ အတွက် လုံလောက်တဲ့ ငွေကြေး မရှိပါဘူး။ ကျွန်တော့်အမြင်မှာတော့ သူက မန်ချက်စတာ ယူနိုက်တက်မှာ ပျော်ရွှင်နေတယ် ဆိုတာပါပဲ။ သူ့အတွက် တခုထဲသော ပြဿနာက ကစားခွင့် မရတာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။