လတ်တလောမှာ မန်ချက်စတာ စီးတီးအသင်းနဲ့ ကောလဟာလသတင်းတွေ အတော်လေးကို ထွက်ပေါ်နေတဲ့ စပို့တင်း လစ္စဘွန်းအသင်းနည်းပြ ရူဘင် အမော်ရင်က အားကစား ဒါရိုက်တာ ဗီယာနာ မန်စီးတီးကို ရောက်သွားရုံနဲ့ သူပါ မန်စီတီးနည်းပြသစ် ဖြစ်လာမှာ မဟုတ်ဘူးလို့ တုံ့ပြန် ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ အားကစား ဒါရိုက်တာ ဘီဂီရီစတိန်းက ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာသွားတော့မှာ ဖြစ်တာကြောင့် မန်စီးတီးအနေနဲ့ ဘီဂီရီစတိန်းနေရာအတွက် စပို့တင်း လစ္စဘွန်းက အားကစား ဒါရိုက်တာ ဟူဂို ဗီယာနာနဲ့ အစားထိုးဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

Photo Credit : First Sportz

မန်စီးတီးဟာ နည်းပြ ဂွါဒီယိုလာကို နည်းပြသစ်အဖြစ် မခန့်အပ်ခင်ကတည်းက ဂွါဒီယိုလာနဲ့အတူ ဘာစီလိုနာအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဘီဂီရီစတိန်းနဲ့ ရီယာနိုတို့ကို အသင်းထံ အရင်ဆုံး ခေါ်ယူခဲ့ပြီးမှသာ ဂွါဒီယိုလာကို အသင်းနည်းပြသစ်အဖြစ် တာဝန်ပေး ခန့်အပ်ခဲ့တာဖြစ်လို့ အခု ဗီယာနာကို ခေါ်ယူခြင်းဟာလည်း အမော်ရင်ကို ဂွါဒီယိုလာနေရာမှာ အစားထိုးဖို့ ဖြစ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်လာခဲ့ပါတယ်။

အမော်ရင်နဲ့ ဗီယာနာတို့က စပို့တင်း လစ္စဘွန်းမှာ လက်တွဲ လုပ်ကိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ပြီး အမော်ရင်ကလည်း စပို့တင်းကို ကိုင်တွယ်ခဲ့တဲ့ (၄)ရာသီအတွင်း အသင်းအတွက် ပေါ်တူဂီ အမှတ်ပေးဖလား (၂)ကြိမ်အထိ ရရှိအောင်ပါ စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ ဒီလို အရည်အသွေးမျိုး ပိုင်ဆိုင်ထားတဲ့ အမော်ရင်ကို ချယ်လ်ဆီး လီဗာပူးလ်တို့ကပါ စိတ်ဝင်စားခဲ့ဖူးသလို ယူနိုုက်တက်ကလည်း စိတ်ဝင်စားနေပါတယ်။

Photo Credit : Manchester City News

လက်ရှိမှာတော့ အမော်ရင်ဟာ မန်စီးတီးနဲ့သာ သတင်းတွေ တောက်လျှောက် ထွက်ပေါ်လို့နေပြီး ဒီသတင်းတွေနဲ့ ပတ်သက်ပြီး အမော်ရင်က “ဟူဂို ဗီယာနဲ့ ကျွန်တော်တို့မှာ မတူညီတဲ့ သီးခြား လမ်းကြောင်းတွေ ရှိနေကြပါတယ်။ ကျွန်တော်တို့ကြားမှာ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပေမယ့် သူ မန်စီးတီးအသင်းမှာ ခန့်အပ်ခံရတာက ကျွန်တော် မန်စီးတီးဆီ သွားမယ်လို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး။”

“စပို့တင်းနဲ့ ပတ်သက်ပြီး ဘာမှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ရာသီကုန်အထိ အရာအားလုံးက အတူတူပါပဲ။ မန်စီးတီးနဲ့ ကစားရမယ့် ပွဲစဉ်အတွင်းမှာတော့ ဗီယာနာအနေနဲ့ အသင်းရဲ့ အဝတ်စားလဲခန်းထဲကို ဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ ဘာ ပဋိပက္ခမှ မဖြစ်လာစေဖို့အတွက် သူ့ကို ဖယ်ရှားထားရပါမယ်။ ကျန်တာကတော့ ရာသီကုန်အထိ အရာအားလုံး အတူတူပဲ ရှိနေမှာပါ။” လို့ ရှင်းလင်း ပြောဆိုသွားပါတယ်။