မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ရူဘင် အမော်ရင်က သူတို့အသင်းဟာ တိုးတက်မှုတွေ ရှိနေကြောင်း အကောင်းမြင်ပုံရပေမယ့် လမ်းကြောင်း အတော်လေး ဝေးသေးကြောင်းကိုပါ ဝန်ခံ ပြောကြားခဲ့ပါတယ်။

အမော်ရင်က သူ့ရှေ့မှာ မြင်နေရတဲ့ ကောင်းတာတွေနဲ့ ဆိုးတာတွေအကြောင်း ပြောကြားခဲ့ပြီး အထူးသဖြင့် လေ့ကျင့်ရေးမှာ အကောင်းမြင်ချက်တွေကို မီးမောင်းထိုးပြခဲ့ပါတယ်။ စနေနေ့ အစောပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်နဲ့ ရင်ဆိုင်ရဖို့အတွက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီသားက တစ်ခါတလေမှာ “တိုးတက်မှုကို မခံစားရဘူး” လို့ ဝန်ခံပြောကြားခဲ့ပေမယ့် တစ်ခါတလေမှာ ဒီ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘယ်လောက် “လုပ်နိုင်စွမ်းရှိလဲ” ဆိုတာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။

Photo Credit : Goal

“ကျွန်တော် ခံစားရတာက တစ်ခါတလေ အသင်းတိုးတက်မှုကို မခံစားရဘူး။ ပြီးတော့ ပိုခက်ခဲတဲ့ ပွဲတွေရှိလာတဲ့အခါမှာ ကျွန်တော်တို့ ကစားနိုင်တယ်၊ အခြေအနေတွေ ဖန်တီးနိုင်တယ်လို့ ခံစားရတယ်။” လို့ အမော်ရင်က သတင်းထောက်တွေကို ပြောပါတယ်။

“ဒါက ကောင်းတဲ့အရာပါ။ ဒါပေမယ့် ဒီအချိန်မှာ ပွဲတွေကို ကြည့်လိုက်ရင် ပြဿနာတွေက ဖြေရှင်းနည်းတွေထက် ပိုများတာကို မြင်နိုင်ပါတယ်။ ဒါက ရှင်းပါတယ်။ ဒါပေမယ့် ပွဲတချို့ကစားတဲ့အခါ အရာရာရှိနေပြီး ကျွန်တော်တို့ လုပ်နိုင်စွမ်းရှိတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တသမတ်တည်းဖြစ်ဖို့ လိုအပ်ပြီး ဒါပါပဲ။

“လေ့ကျင့်ရေးမှာ ပိုအရေးကြီးပါတယ်။ လေ့ကျင့်ရေးမှာ မြင်နေရတာက သူတို့ တိုးတက်နေပြီး ဆက်ဆံရေးတွေ ဖန်တီးနေကြတာပါ။ ကျွန်တော်တို့ ပေါင်းစည်းနေပြီး ကျွန်တော်တို့ ကစားချင်တဲ့ ပုံစံကို နားလည်နေကြပါတယ်။ လေ့ကျင့်ရေးရဲ့ အသံတောင် မတူတော့ပါဘူး။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အသံကို ခံစားရတယ်။ လူတွေ စကားပြောနေတယ်၊ ဘောလုံးကို တောင်းနေတယ်၊ လမ်းညွှန်ချက်တွေ ပေးနေတယ်။ ပတ်ဝန်းကျင်မှာ ခံစားရတယ်။ ကျွန်တော်တို့ ပြောင်းလဲနေပါတယ်။ အဲဒါကို ပွဲမှာ အသုံးချဖို့ အရေးကြီးပါတယ်။”

Photo Credit : Goal

အမော်ရင်ဟာ နိုဝင်ဘာလကတည်းက တာဝန်ယူခဲ့တဲ့ ပွဲ(၂၁)ပွဲမှာ အနိုင်ရခဲ့တဲ့ ပွဲအရေအတွက် (၉) ပွဲနဲ့ အရှုံးရခဲ့တဲ့ ပွဲအရေအတွက် (၉) ပွဲ တူညီနေပါတယ်။ အဲဒီအချိန်အတွင်းမှာ ပရီးမီးယားလိဂ် အနိုင်ရရှိမှု လေးပွဲသာ ရှိခဲ့ပြီး အသင်းဟာ သူ အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တဲ့ အလွန်တိကျတဲ့ နည်းဗျူဟာတွေကို နားလည်ဖို့ ရုန်းကန်နေရပါတယ်။

အမော်ရင်အတွက် ကံမကောင်းစွာနဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ပြန်လည်တည်ဆောက်နေတဲ့ ပရောဂျက်တစ်ခုဖြစ်ပြီး သူ့ကို ရာသီကြိုနဲ့ နွေရာသီ အပြောင်းအရွှေ့ကာလ မရရှိမချင်း မျှတစွာ အကဲဖြတ်လို့ မရဘူးဆိုတာ ရှင်းနေပေမယ့် ချက်ချင်းရလဒ်တွေအပေါ် ဖိအားက ဆက်လက်တည်ရှိနေပါတယ်။ သရဲနီများဟာ ပရီးမီးယားလိဂ်မှာ အဆင့်(၁၅)ဆီကို ကျဆင်းသွားပြီး ၁၉၇၄ ခုနှစ်က တန်းဆင်းခဲ့တဲ့ အဆိုးရွားဆုံးလိဂ်အဆုံးသတ်ကို မျက်နှာချင်းဆိုင်နေရပါတယ။ အခုလည်း စွမ်းဆောင်ရည်ကောင်းတွေ တသမတ်တည်း တိုးတက်မှုများ မရှိလာဘူးဆိုရင် အဲဒီလို အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။