မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ရူဘင် အမော်ရင်က ယူနိုက်တက်အသင်းရဲ့ စွမ်းဆောင်ရည်များကို ပွင့်လင်းစွာ သုံးသပ်ခဲ့ပြီး အနာဂတ်အတွက် အပြောင်းအရွှေ့ အစီအစဉ်တွေ ပြုလုပ်သွားဖို့ ရှိနေကြောင်း မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ရဲ့နေရာကို နိုဝင်ဘာလကတည်းက ဆက်ခံခဲ့တဲ့ အမော်ရင်ဟာ ယူနိုက်တက်ရဲ့ ကံကြမ္မာကို ပြန်လည် ပြောင်းလဲပေးနိုင်ဖို့ ရုန်းကန်နေရပြီး အိုးထရက်ဖို့ဒ်မှာ သူ့ရဲ့ ရေရှည်အနာဂတ်အပေါ် သံသယတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အသင်းဟာလည်း အမှတ်ပေးဇယားရဲ့ အဆင့်(၁၅)နေရာမှာ ရုန်းကန်နေပြီး ပြိုင်ပွဲအားလုံးမှာ နောက်ဆုံး (၅)ပွဲမှာ (၁)ပွဲပဲ အနိုင်ရထားပါတယ်။

Photo Credit : Goal

Premier League Productions နဲ့ စကားပြောရာမှာ အသက်(၄၀)အရွယ် အမော်ရင်က “ရလဒ်တွေအရ ဆိုးတယ်။ စွမ်းဆောင်ရည်တွေလည်း သိပ်မတိုးတက်လာဘူးလို့ ရိုးရိုးသားသား ပြောရမယ်။ ဒါပေမယ့် ကောင်းတဲ့အချက်က ကျွန်တော်တို့ အများကြီး သင်ယူနေရတာပါ။ အရာတွေ အများကြီး ပြောင်းလဲနေတယ်။ ဒါပေမယ့် အပြင်ကနေ ကြည့်ရင် မမြင်ရဘူး။ ဒီက ကာရင်တန်မှာ ကျွန်တော်တို့ ဘယ်လိုလုပ်ချင်တယ် ဆိုတာကို လုပ်နေတယ်။”

“ကျွန်တော် ကစားသမားတွေကို နားလည်လာပြီး ကျွန်တော့်စိတ်ထဲမှာ အသင်းရဲ့ အနာဂတ်ကို ဘယ်လို ဖြစ်စေချင်လဲဆိုတာ စီစဉ်နေတယ်။ ဒါက နောက်နှစ်မှာ အရမ်း အရေးကြီးလာနိုင်ပေမယ့် အန္တရာယ်လည်း ရှိတယ်။ အနာဂတ်ကို စီစဉ်တာ လုပ်တာ တွေးတာတွေ လုပ်နေရင်း အခု လက်ရှိကို ဂရုစိုက်ဖို့ လိုတယ်။ အခုလက်ရှိ အချိန်က တကယ်ကို ခက်ခဲနေတယ်။ ဘာကြောင့်လဲဆိုတော့ ရလဒ်တွေရော စွမ်းဆောင်ရည်တွေရော အားရစရာ မရှိလို့ပါ။” လို့ ပြောခဲ့ပါတယ်။

အသင်းရဲ့ အပြုသဘောဆောင်တဲ့ အချက်တွေကို ထပ်မေးမြန်းချိန်မှာတော့ အမော်ရင်က “ကျွန်တော်တို့ ကစားပုံထဲက အသေးအဖွဲအချက်တွေမှာ တိုးတက်မှုကို မြင်တယ်။ မြင်ဖို့ ခက်ပေမယ့် ကျွန်တော် မြင်တယ်။ ဥပမာ ရီးယဲလ် ဆိုစီဒက်နဲ့ မကစားခင် နောက်ဆုံး (၂)ပွဲမှာ ကျွန်တော်တို့ တိုးတက်လာတယ်လို့ ထင်တယ်။ ဘောလုံးပိုင်ဆိုင်မှု ပုံစံက ပိုကောင်းလာတယ်။ ကျွန်တော်တို့ရဲ့ ဗဟိုခံစစ်ကစားသမားတွေက ပုံစံမတူဘဲ ကစားနေပြီး၊ ယုံကြည်မှု ပိုရှိလာတယ်။”

Photo Credit : Sky Sports

“သူတို့က ကောင်းကောင်း ကစားနိုင်ရင် ကျွန်တော်တို့အသင်းက ပိုကောင်းလာမယ်။ ကစားသမားတချို့က တစ်ဦးချင်း တိုးတက်လာတယ်လို့ ထင်တယ်။ ဂျော့ရှ်(ဇာ့ခ်ဇီး)က တိုးတက်လာတယ်။ နေရာပြောင်းလဲမှုမှာ နည်းနည်း ပိုကောင်းလာတယ်။ ဘရူနိုအတွက် ပိုကောင်းတဲ့ နေရာရှာဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် တစ်ခါတလေကျရင် သူ့ကို နေရာတိုင်းမှာ လိုချင်တယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတယ်။”

“အစ်ဝစ်ချ်နဲ့ပွဲမှာတောင် ကျွန်တော်တို့ ဂိုးတစ်ဂိုး ခွင့်ပေးခဲ့ပေမယ့် ပုံစံတူ ဆက်ကစားခဲ့တယ်။ ဒီအသေးစိတ်အချက်တွေမှာ အသင်းက နည်းနည်း ပိုယုံကြည်လာတယ်လို့ ခံစားရတယ်။ ကျန်တာကတော့ ဒီရာသီမှာ မြင်ဖို့ ခက်တယ်။ ဒီက ကာရင်တန်မှာ ကျွန်တော်တို့ လေ့ကျင့်ပုံ အားစိုက်ထုတ်မှုနဲ့ အသင်းကို တိုးတက်အောင် ဘယ်လို လုပ်မလဲဆိုတာ ရှာနေတာပါ။” လို့ ဖြေဆိုသွားခဲ့ပါတယ်။