သိပ်မကြာခင်မှာပဲ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့၁၆သင်းအဆင့် ရှံးထွက်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားတော့မှာဖြစ်လို့ အခုအချိန်မှာ ဥရောပအသင်းကြီးတချို့က သူတို့ရဲ့အမှတ်ပေးလိဂ်ပွဲတွေမှာ အဓိက ကစားသမားတွေကို အနားပေးတာတွေ ကစားအားကိုချွေတာတွေ ပြုလုပ်လာခဲ့ကြပါတယ်။ ဒီလို အသင်းတွေထဲမှာ တစ်သင်းအပါအဝင်ဖြစ်နေတဲ့ ပီအက်စ်ဂျီမှာလည်း လီဂူးအမှတ်ပေးဇယားအောက်နားက အက်မီယန်အသင်းနဲ့ လီဂူးပွဲစဉ်(၂၅)ကို ရင်ဆိုင်ကစားခဲ့ရာမှာ ၄ဂိုးစီနဲ့ သရေကျသွားခဲ့ရပါတယ်။

Photo Credit : Getty Images

လာမယ့်ကြားရက်မှာပဲ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ဆင်နွဲရဖို့ရှိနေတဲ့ ပီအက်စ်ဂျီအသင်းဟာ ဒဏ်ရာရနေတဲ့ နေမာ ကင်ဘမ်ပေ ဆာရာဘီယာ မြူနီယာတို့ကို အခုပွဲမှာ ထည့်သွင်းနိုင်ခြင်းမရှိသလို ဘာပေကိုလည်း ချန်ပီယံလိဂ်ပွဲရှိနေတာကြောင့် အနားပေးထားခဲ့ပါတယ်။ ဒီကစားသမားတွေအစား အီကာဒီ ကာဗာနီ ဟာရဲရား ဒီမာရီယာ ပါရေဒက်စ် ဒရက်ဇ်လာ ဂူရီ သီယာဂိုဆေးဗားတို့ကို ထည့်သွင်းလာခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းက လူမစုံဘူးဆိုပေမယ့် ပြိုင်ဘက်အက်မီယန်ထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်နေတဲ့ လူစာရင်းနဲ့ ပွဲထွက်လာတာဖြစ်သလို အံ့အားသင့်စရာကောင်းစွာနဲ့ပဲ ပထမပိုင်း မိနစ်၄၀ခန့်မှာ အက်မီယန်က ပီအက်စ်ဂျီကို ၃ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။

Photo Credit : Getty Images

ဒါပေမယ့် ပထမပိုင်းပြီးခါနီးမှာ ဟာရဲရားက ချေပဂိုးတစ်ဂိုး ပြန်လည်ပိုင်ဆိုင်ခဲ့တာက ပီအက်စ်ဂျီအတွက် မျှော်လင့်ချက်ပြန်လည်ရှင်သန်သွားခဲ့ပြီး ဒုတိယပိုင်းမှာလည်း လူငယ်နောက်ခံကစားသမားလေး ကိုအာစီက ချေပဂိုး၂ဂိုးကို ဆက်တိုက်သွင်းယူပေးခဲ့လို့ ၃ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ရ၄မိနစ်မှာ တိုက်စစ်မှူးအီကာဒီက ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုးကို ပြန်လည်သွင်းယူပြီး Amzing Comeback နဲ့ နိုင်ပွဲရယူဖို့ နီးစပ်ခဲ့ပေမယ့် အက်မီယန်တိုက်စစ်မှူး ဂီယာဆီက နာကျင်အချိန်ပိုမှာ အသည်းခွဲချေပဂိုးကို သွင်းယူခဲ့ကာ ပီအက်စ်ဂျီရဲ့နိုင်ပွဲဆက်မှုကို ရပ်တန့်ပစ်ခဲ့ပါတယ်။