ပြီးခဲ့တဲ့ ဘောလုံးရာသီက ပြင်သစ်လီဂူးကလပ် နိုက်စ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ချက်ချင်းဆိုသလို ပေါ်တိုအသင်းကို တစ်ရာသီအငှားနဲ့ ထပ်မံပြောင်းရွှေ့ခဲ့ရတဲ့ နောက်ခံကစားသမားလေး မာလန်ဆားက လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကာ အသင်းမှာ ပုံမှန်နေရာရလာဖို့အတွက် အကောင်းဆုံး ကြိုးပမ်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : The Sun

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လူငယ် နောက်ခံကစားသမားလေး မာလန်ဆားဟာ နိုက်စ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကမှ နိုက်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့လို့ ချယ်လ်ဆီးအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးက မာလန်ဆားကို အသင်းမှာ ချက်ချင်းအသုံးပြုသွားဖို့ ဆန္ဒမရှိသေးတဲ့အတွက် ပွဲထွက်ခွင့်တွေ ရရှိရအောင် ပေါ်တိုအသင်းဆီ တစ်ရာသီ အငှားချခဲ့ပြီး ဆားက ပေါ်တိုမှာ ပြိုင်ပွဲစုံ (၁၉)ပွဲအထိ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။ အခုတော့ မာလန်ဆားဟာ ပေါ်တိုနဲ့ အငှားစာချုပ် ပြည့်သွားခဲ့လို့ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိလာခဲ့ပြီဖြစ်ကာ ပီတာဘရော့နဲ့ ခြေစမ်းခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာလည်း ပါဝင်ကစားခဲ့ရပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီးအသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာနဲ့ပတ်သက်ပြီး ဆားက “ကျွန်တော် ဒီကို ရောက်ရှိနေတာ အရမ်းဝမ်းမြောက်မိပါတယ်။ အလုပ်တွေလည်း စလုပ်နေပြီ။ အသင်းသား အားလုံးကလည်း ကြိုးစားအားထုတ်နေကြတာ ပျော်စရာကောင်းပါတယ်။ နည်းပြကလည်း ပြင်သစ်လို ပြောနိုင်ဆိုနိုင်တတ်သူဖြစ်လို့ ကျွန်တော်နဲ့သူ စကားစမြည်တွေ ပြောဖြစ်ခဲ့ပါသေးတယ်။ ဒီမှာ ရှိနေရတဲ့ စိတ်ခံစားချက်က အရမ်းကောင်းနေတယ်။ အသင်းသားအားလုံးနဲ့လည်း ဆက်ဆံရေးကောင်းတွေလည်း ရှိနေပါတယ်။ ဒီမှာ ရှိနေတဲ့ ကစားသမားတွေကလည်း ရည်မှန်းချက်ကိုယ်စီ ရှိနေကြသူတွေချည်းပဲဆိုတာ ကျွန်တော်ခံစားသိမိတယ်။ ကျွန်တော်ကတော့ အသင်းနဲ့ ပူးပေါင်းခွင့်ရဖို့နဲ့ အသင်းကို အကောင်းဆုံး ကူညီပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အသင်းက မနှစ်ရာသီမှာ ဥရောပရဲ့ဘုရင်အဖြစ်နဲ့ ရပ်တည်နိုင်ခဲ့တာဆိုတော့ ဒီရာသီမှာလည်း အမြင့်ဆုံးအဆင့်ထိ ရောက်ရှိနိုင်အောင် အစွမ်းကုန် ကူညီပေးသွားချင်ပါတယ်။ အသင်းမှာ ပါဝင်ခွင့်ရဖို့လည်း ကြိုးစားသွားမယ်။ အသင်းရော ကျွန်တော်ပါ ရည်မှန်းချက် မြင့်မားကြတာဖြစ်လို့ ဒါက အလိုက်ဖက်ဆုံး အနေအထား ဖြစ်လာမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။